<

ရန်ကုန်တိုင်းအစိုးရက အိပ်မက်ပုံစံ စီမံကိန်းများ လွှတ်တော်သို့ တင်ပြနေပြီး ဖြစ်နိုင်ခြေရှိ မရှိနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ – ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းအစိုးရမှ အိပ်မက်ပုံစံ စီမံကိန်းများအား လွှတ်တော်သို့ တင်ပြနေပြီး ဖြစ်နိုင်ခြေ ရှိ မရှိနှင့် ပတ်သက်ပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဇွန် ၁၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၄၄ ရက်မြောက်နေ့) တွင် ထောက်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဦးကျော်ဇေယျက ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုမြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည် ဖော်မယ်ဆိုတော့ အဓိက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အားကိုးရမှာပါ။ သူတို့တွေလာပါ့မလား၊ မြေရောင်းဝယ်ရေးပဲ ဖြစ်သွားမလား ဆိုတာကို စိုးရိမ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ စီမံကိန်းတွေတင်လိုက်ရင် အရမ်းကောင်းပါတယ်။ အိပ်မက်လှလှလေးတွေမက်ပြီး တင်ပြတယ်။ သို့သော်လည်း ကျွန်တော်တို့က အဲဒီလို အိပ်မက်လှလှလေးတွေကို အကောင်အထည် ဖော်စေချင်ပါတယ်။ သို့သော် ကျွန်တော်ပြောတဲ့ သို့သော်က အဓိပ္ပာယ် အများကြီး ရှိပါတယ်။ ဖြစ်နိုင်ခြေရှိရဲ့လား၊ ဖြစ်နိုင်ခြေ စစ်တမ်းတစ်ခုကို သူတို့လေ့လာပြီးမှ တင်ပြတာပါ။ ဒီတင်ပြတဲ့ အစီရင်ခံစာမှာဆိုရင် ရည်ရွယ်ချက်နှစ်ခု ရှိပါတယ်။ ရည်ရွယ်ချက်နှစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းငါးဆင့်ကို ဖော်ပြထားပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

စက်မှုဇုန်များကို အကောင်အထည်ဖော်ရာတွင် မြို့နယ် ၁၁ မြို့နယ်မှ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး၊ စည်ပင်နယ်နိမိတ်အတွင်း၊ အပြင် စက်မှုဇုန်များ တိုးတက်ဖွံ့ဖြိုးမှု နှုန်းထားများ ကွာဟနေသည့်အတွက် ညီမျှစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်မှရလာမည့် အကျိုး၊ အမြတ်များကို ဒေသဖွံ့ဖြိုး တိုးတက်မှုအတွက် အသုံးချသွားဆိုသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။

ထို့ပြင် အကောင်အထည်ဖော်ရာတွင် လယ်မြေများကို မြို့ပြမြေအဖြစ် ပြောင်းလဲပြီး အစိုးရမှ ရာခိုင်နှုန်း ၈၀၊ လယ်သမားမှ ရာခိုင်နှုန်း ၂၀ နှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ဦးကျော်ဇေယျက “လယ်သမားက ၂၀ ရာခိုင်နှုန်း၊ အစိုးရက ၈၀ ရာခိုင်နှုန်းဆိုရင် ဒါတွေကို လယ်သမားတွေက သဘောတူပါ့မလား။ မှော်ဘီမှာလုပ်မယ့် စီမံကိန်းဆိုရင် ပြည်လမ်း ကားလမ်းဘေးတစ်လျှောက် လယ်သမားပိုင်တဲ့ မြေဧက ၁၀၀ မှာ လယ်သမားက ဧက ၂၀ ပဲရမှာရတဲ့၊ ဧက ၂၀ က လမ်းဘေးတောက်လျှောက်ကို ရမှာလား။ ဘယ်နေရာကို ရမှာလဲ။ အားလုံးသိပြီးတဲ့အပိုင်း မြေကွက်ဆိုရင် ဒေါင့်ကွက်က ဈေးကြီးနေတာ။ ဟိုးချောင်ထဲကို သွားပေးမှာလား။ ဒါလေးတွေ တင်ပြဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ဘဏ္ဍာရေးစီမံကိန်း စီးပွားရေးကော်မတီအား သက်ဆိုင်ရာ စက်မှုဇုန် ဥက္ကဋ္ဌများက အခက်အခဲများ တင်ပြသဖြင့် နယ်မြေများကို ဆင်းကြည့်ခဲ့ကြောင်း၊ အကြံပြုချက်များကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မကြာခဏ တင်ပြလေ့ရှိသော်လည်း ဖြေရှင်းမှုအပိုင်းတွင် အားနည်းကြောင်း၊ လက်ရှိအချိန်တွင် တရားဥပဒေ စိုးမိုးရေး အနေဖြင့်လည်း စက်မှုဇုန်များ၌ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ရှိနေသေးကြောင်း၊ အလုပ်သမားဘက်မှ အမှားများ ရှိပါက ရင်းနှီးမြှုပ်နှံမှုအတွက် အခက်အခဲများရှိကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ တင်ပြချင်တာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာမျိုးကိုပဲ လုပ်စေချင်ပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာမျိုးတွေကို အိပ်မက်လှလှ မက်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ ၂၀၂၀ လည်း နီးနေပါပြီ။ ဒါလေးတွေက အကျိုးသက်ရောက်မှု ရှိသွားနိုင်ပါတယ်။ ဒီလို ၁၁ မြို့နယ်ကို တစ်ပြိုင်တည်း အကောင်အထည်ဖော်မည့်အစား ကျွန်တော်တင်ပြခဲ့သလို တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်တွေမှာ စံပြအနေနဲ့ လုပ်ပြီးတော့မှ စီမံချက်ချ လုပ်ကိုင်မှ ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

 

June 12, 2018














Copy Protected by Chetan's WP-Copyprotect.