ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးအမှုတွင် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းခံရကာ သက်သေစာရင်းတွင်ပါဝင်ပြီး ပျောက်ဆုံးနေသည်ဆိုသော တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်း၏ နေရပ်လိပ်စာ တွေ့ပြီဟုဆို

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးအမှုတွင် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းခံရကာ သက်သေစာရင်းတွင်ပါဝင်ပြီး ပျောက်ဆုံးနေသည်ဆိုသော တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်း၏ နေရပ်လိပ်စာ တွေ့ပြီဟုဆို
Published 13 June 2018

ရိုက်တာသတင်းထောက်နှစ်ဦးကို ဇွန် ၁၂ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ်

ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦးအမှုတွင် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းခံရကာ သက်သေစာရင်းတွင် ပါဝင်ပြီး ပျောက်ဆုံးနေသည်ဆိုသော တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်း၏ နေရပ်လိပ်စာ တွေ့ပြီဖြစ်ကြောင်း ဇွန် ၁၂ ရက်ရုံးချိန်းတွင် သိရသည်။

ထို့ပြင် ဒုရဲမှူးဟောင်းမိုးရန်နိုင်နှင့် တစ်ပါတည်းထိန်းသိမ်းခံရပြီး တရားစွဲအဖွဲ့အစည်းမှ တင်ပြထားသည့် တရားလိုပြသက် သေစာရင်းတွင် ပါဝင်နေသော တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်း၏ မြိတ်ဘက်တွင် နေထိုင်သည့်လိပ်စာသိပြီဟု ဥပဒေအရာရှိမှ တင်ပြလာခြင်းဖြစ်ရာ ဦးခင်မောင်လင်းကို အမှုစစ်ကိုယ်တိုင်ရုံးတော်သို့ ခေါ်လာရမည်ဟု တရားရုံးက ညွှန်ကြားထားကြောင်း တရားစွဲခံရသည့် သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်၏ ပြောကြားချက်အရ သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ပျောက်တယ်ပြောနေတဲ့ တပ်ကြပ်ကြီး ခင်မောင်လင်း၊ ပထမကတော့ လိပ်စာမတွေ့ဘူး။ တပ်က ထုတ်ပယ်လိုက်ပြီ။ အခုတော့ လိပ်စာပြန်ရပြီဆိုပြီး ပြောလာတယ်။ ဒါပေမဲ့ တရားစွဲအဖွဲ့အစည်းဘက်က အစီအစဉ်တကျ စီမံနေတဲ့ သဘောရှိတယ်။  Plan A၊ Plan B ၊ Plan C သွားနေတဲ့ သဘောရှိတယ်” ဟု ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအမှုကို ဇွန် ၁၂ ရက်က ၂၆ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း ယင်းနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် လာရောက်အစစ်ခံမည့် စီအိုင်ဒီမှ  ဒုရဲမှူး တင်ဝင်းမောင် မလာသဖြင့် မစစ်ဆေးဖြစ်ဘဲ အမှုကို ဇွန် ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် သတင်းကိစ္စနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်ရာမှ ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ ဇွန် ၁၂ ရက်တွင် ခြောက်လပြည့်မြောက်ပြီ ဖြစ်သည်။

အမှုတွင် တရားလိုပြသက်သေ ၂၅ ဦး အနက် ၂၁ ဦး စစ်ဆေးကာ နှစ်ဦးကျန်ရှိကာ ကျန်နှစ်ဦးကို သက်သေစာရင်းမှ ပယ်ဖျက်ထားကြောင်း သိရသည်။

မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရလျှို့ဝှက်စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆိုကာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

Most Read

Most Recent