ဒေသအချို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျချောင်းများ ကျဆင်းနေပြီး လူမျောပါခြင်း၊ ဒေသခံများ သွားလာရခက်ခဲခြင်းများ ဖြစ်ပေါ်နေ

ဒေသအချို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျချောင်းများ ကျဆင်းနေပြီး လူမျောပါခြင်း၊ ဒေသခံများ သွားလာရခက်ခဲခြင်းများ ဖြစ်ပေါ်နေ
Published 12 June 2018

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် တောင်ကျချောင်းရေကြောင့် လူမျောပါခြင်း၊ ဒေသခံများ သွားလာရခက်ခဲခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ချင်းတောင်ခြေ ကလေးမြို့နယ် အနောက်မြောက်ဒေသတွင် နတ်တံခါးချောင်း ရေကျမှုကြောင့်ဒေသခံများ သွားလာရ ခက်ခဲနေသည်ဟု သိရသည်။

“နတ်တံခါးချောင်း အခြေအနေက တံတားက ပါသွားပြီဆိုတော့ အသွားအလာက မရှိတော့ဘူး။ အဆက်အသွယ်က ပြတ်နေတော့တာ။ အဆက်အသွယ်ပြတ်တဲ့ ရွာတွေက မင်းလှရွာ၊ အောင်ရွာ၊ မြစိမ်းမြလင်း၊ နန်းကျင်းဆောင်တို့ပါ။ သွားလာဖို့ တော်တော်ဒုက္ခ ရောက်တာပေါ့။ လက်ပန်ချောင်းမှာ နေ့ချင်းပြန်ကျောင်းတက်တဲ့ ကလေးတွေအတွက်ရော၊ ရာဇဂြိုဟ်ရွာဖက်က သွားမယ်ဆိုရင်လည်း ဝေးတော့ဝေးမှာ အဲဒီဖက်ကလည်း ချောင်းရှိတယ်။ ချောင်းက မိုးရွာသီရောက်ရင် နတ်တံခါးချောင်းလိုပဲ။ ဒီဘက်က ရွာတွေက လူသွားလူလာတော့ သိပ်မရှိဘူး။ ဘယ်မှမသွားဘူး။ အဲလိုပဲ နေကြတော့တာ။ ကျန်းမာရေး ပြဿနာရှိရင်တော့ မလွယ်ဘူး။ နတ်တံခါးချောင်းက ချောင်းရေဆိုတော့ ရေဆင်းကသန်တော့ ဖြတ်ဖို့တောင် မလွယ်ဘူး။ မိုးကလည်း အဆက်မပြတ်ရွာတယ်။ ရေကလည်း မနေ့ကထက် များလာပြီဆိုတော့ ဒီထဲ မိုးကရွာနေသေးတော့ လမ်းပမ်းဆက်သွယ်ရေးက မလွယ်တော့ဘူး” ဟု အောင်ရွာမှ ဦးဗန်ဘိုကင်းက ဆိုသည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်အတွင်းတွင် ဇွန် ၇ရက် ညနေပိုင်းက တောင်ကျချောင်းရေမျောပါမှုကြောင့် ကျောင်းသားကျောင်းသူများ အပါအဝင် လူကြီးတစ်ဦး ရေမျောပါကာ အမျိုးသမီးတစ်ဦး၊ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးတို့ ပျောက်ဆုံးလျက်ရှိပြီး ကျောင်းသားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင်လည်း တောင်ကျေချောင်းများ ကျလာသောကြောင့် ဒေသခံများ သွားလာရေး ခက်ခဲနေသည်ဟု သိရသည်။

“တောင်ကျချောင်းက ၉ ရက်၊ ၁၀ ရက်။ ဒီကနေ့ရယ် တော်တော်လေး ရွာနေတာ။ ချောင်းက မင်းတုန်းချောင်း (ငဖဲမြို့နယ်အတွင်း) စလူချောင်း၊ မန်းချောင်း၊ ပန်းထိမ်းချောင်းတို့ရှိတယ်။ ချောင်းသေးလေးတွေကတော့ အများကြီးပဲ။ တံတားမျောက ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ တံတားတွေပေါ့။ သွားမယ်ဆိုရင် တော်တော်ဝေးဝေးကနေ ကွေ့ပတ်သွားလို့ရပါတယ်။ ဟိုဘက်ဒီဘက် တစ်မျှော်တစ်ခေါ် ကွေ့သွားရတာပေါ့။ ကျန်းမာရေးကိစ္စရှိရင်တော့ မကောင်းဘူးပေါ့။ ငဖဲမြို့နယ်အတွင်းက စီးဆင်းတဲ့ချောင်းတွေက မကွေတိုင်းထဲက မြို့နယ်တွေကို ဖြန့်စီးသွားတာပဲ။ ချောင်းရေကျတာက မနှစ်ကထက် နည်းနည်းပိုနေတယ်။ ၂၀၁၅ တော့ မမီသေးဘူး။ ကျွန်တော်တို့ဆီမှာတော့ ကျေးရွာချင်းဆက် လမ်းဖြစ်တဲ့ မြေလတ်ရွာနဲ့ မြေလတ်စခန်းကို ချိတ်ဆက်ထားတဲ့လမ်းတော့ ပြိုနေတယ်။ လောလောဆယ်တော့ လမ်းပိတ်ထားတယ်” ဟု မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန် (တောင်) ဒေသ ဂုတ်ကြီးကျေးရွာမှ ကိုရန်အောင်ထွန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းတွင်လည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးခြင်းနှင့် တောင်ကျချောင်းများကြောင့် စောင့်ဆိုင်းဖြတ်သန်းနေရခြင်းများ ကြုံနေရသည်ဟု သိရသည်။

“ဒုံဟီးနဲ့ ဇာရီးချန်လင်းကြားပါ။ ဒုံဟီးမြို့နယ်အတွင်းက ချောင်းတစ်ချောင်းမှာ ဆိုင်ကယ်ထမ်းပြီး လာခဲ့ရတယ်။ မိုးရွာတော့ တောင်ကျချောင်းတွေ ရေကြီးတယ်။ တချို့တံတားထိုးထားပြီးသားရှိရင်တော့ အဆင်ပြေတယ်။ တံတားမပြင်ထားတဲ့နေရာတွေတော့ အခက်အခဲ ရှိတယ်။ ထမ်းဖြတ်ရတာရှိတယ်။ တံတားဆောက်ဖို့ရှိတဲ့နေရာတွေကလည်း ကြိုလုပ်မထားတော့ ခက်ခဲတာပေါ့။ တောင်ကျချောင်းတွေက ပုံမှန်ခြေမျက်စိတောင် မမြုပ်တဲ့နေရာတွေက ကမ်းပါးပြိုတာတို့ ရေကြီးတာတွေ ဖြစ်တတ်တယ်။ ရေအရမ်းကြီးရင်တော့ နာရီနဲ့စောင့်ဖြတ်တယ်။ တချို့ ဝါးဖောင်ဖြတ်ကျော်တယ်။ ရွာကနေ မထွက်ခင် ရေကြီးတာသိရင်တော့ လမ်းကြောင်းတွေ ပြောင်းရတယ်။ တံတားရှိတဲ့လမ်းကိုဝေးရင် ဝေးပလေ့စေ သွားရတာပဲ။ နန်းယွန်းမှာတော့ မိုးကဆက်ရွာတုန်းပဲ။ တောင်ကျချောင်းရှိတဲ့နေရာတော့ ရေကြီးလာလို့ အခက်အခဲ ရှိတာပဲ” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ခံ ကိုနောက်တွန်းက ပြောကြားသည်။

Most Read

Most Recent