<

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား စိန်ခေါ်နေသည့် ပြဿနာများအနက် မူးယစ်ဆေးဝါးကိစ္စပါဝင်ပြီး ပြည်သူဘက်မှ သတင်းပေးရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား စိန်ခေါ်နေသည့် မူးယစ်ဆေးဝါးကိစ္စမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိတွင်မန္တလေးမြို့ နေရာအနှံ့အပြားရှိ တရားမ၀င် မူးယစ်ဆေးဝါး အသုံးပြုနေသည့် နေအိမ်တဲများကို ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများမှ တာဝန်သိသိ သတင်းပေးရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောက်ဆည်မြို့တွင် ပြုလုပ်ခဲ့သည့် တရားမ၀င်သစ် ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မူးယစ်ကိစ္စအား အလေးထား ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ဖမ်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ယနေ့တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးဟာ မဖြစ်မနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စပြီးတက်ကတည်းက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်နဲ့အညီ တရားဥပဒေစိုးမိုးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ စိန်ခေါ်နေတဲ့ အရာတွေက မူးယစ်ဆေးဝါးပါပါတယ်။ မူးယစ်ဆေးဝါးကို ကျွန်တော်တို့ အခုအင်တိုက်အားတိုက် ဆောင်ရွက်တဲ့အခါမှာ အခက်အခဲအချို့တော့ရှိတယ်။ ဒါပေမဲ့ တာဝန်သိတဲ့ ပါဝင်ပူးပေါင်းမှုတွေ လိုအပ်နေသလို ပြည်သူတွေဘက်ကလည်း တာဝန်သိသိနဲ့ သတင်းပေးဖို့ လိုအပ်ပါတယ်။ အခုသတင်းပေးတဲ့အတွက် မန္တလေးမြို့ နေရာပေါင်းစုံမှာ တရားမ၀င်တဲတွေ ဖျက်ဆီးနိုင်ပါတယ်။ အဲဒီနေရာတွေဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ လွတ်လွတ်လပ်လပ် သုံးနိုင်တဲ့နေရာ တွေဖြစ်တယ်။ ဒီနေရာတွေကို အခုလည်း စုံစမ်းစစ်ဆေးရေးတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ နောက်တစ်ချက်က တရားမ၀င်သစ် တရားမ၀င်သစ်ဆိုတာက အရင်ကလည်း သစ်တွေထုတ်ယူသုံးစွဲမှုကြောင့် ရာသီဥတု ဘေးအန္တရာယ်တွေကို ပြည်သူတွေခံစားနေ ရပါတယ်။ အဲဒါတွေကိုပြင်ဆင်ဖို့ ဘတ်ဂျက်ကနေ ခွဲချပေးနေတယ်။ ဒီလိုဖမ်းဆီးရမိမှုတွေကို ဆုပေးတဲ့စနစ် နည်းနေပါသေးတယ်။ မူးယစ်ဆေးဖမ်းမိရင်တပ်ဖွဲ့ဝင်တွေကို အစိုးရဘတ်ဂျတ်ထဲက ဆုချီးမြှင့်တယ်ဆိုတဲ့ဘတ်ဂျတ်ထဲက ချီးမြှင့်ပါတယ်။ အမြဲတမ်း ဖမ်းဆီးမိတာများရင် တပ်ဖွဲ့ဝင် ဘယ်လောက်ပါပါ၊ အရပ်ဘက်က သတင်းပေးတဲ့သူတွေပါ အပါအ၀င် ဆုချီးမြှင့်နေတာ တစ်နှစ်ရှိပါပြီ” ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

June 11, 2018














Copy Protected by Chetan's WP-Copyprotect.