မူးမြစ်ရေမြင့်တက်လာခြင်းကြောင့် စစ်ကိုင်းမြို့နယ်အတွင်း သရက်စိုက် ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်

မူးမြစ်ရေမြင့်တက်လာခြင်းကြောင့် စစ်ကိုင်းမြို့နယ်အတွင်း သရက်စိုက် ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်
Published 12 June 2018

စစ်ကိုင်းမြို့နယ်အတွင်းရှိ သရက်စိုက်ခင်းများ ရေဝင်နစ်မြုပ်နေသည်ကို တွေ့ရစဉ်

မူးမြစ်ရေရုတ်တရက် မြင့်တက်လာခြင်းကြောင့် စစ်ကိုင်းမြို့နယ်အတွင်းသရက် စိုက်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်မှုဖြစ်ပေါ်လျက်ရှိကာ သရက်သီးခူးဆွတ်ရာတွင် အခက်အခဲများ ကြုံတွေနေရကြောင်း ဒေသခံများထံမှ သိရသည်။

သရက်စိုက်ခြံများအတွင်းသို့ မူးမြစ်ရေများ ဝင်ရောက်လာမှုကြောင့် သရက်စိုက်တောင်သူများ သရက်သီးခူးဆွတ်ရာတွင် စရိတ်ကြီးမြင့်ခြင်း၊ အလေ့အလွင့် ဆုံးရှုံးမှုဖြစ်ပေါ်ခြင်း၊ မိုးဒဏ်ရေဒဏ်ကြောင့် ပြည်ပဈေးကွက်တင်ပို့ရာတွင် ဈေးမရရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သရက်စိုက်တောင်သူများထံက သိရသည်။

“မူးမြစ်ရေတက်လာတော့ ရွာအနောက်ပိုင်းက သရက်ခြံတွေ အကုန်နီးပါးရေမြုပ်တယ်။ ရွာတောင်ပိုင်း မူးရိုးတစ်လျှောက် ခြံတွေရေမြုပ်ကုန်ပြီး ခန့်မှန်းခြေအားဖြင့် ပြောရမယ်ဆို သရက်စိုက် ဧက ၁၀၀၀ ကျော် ရေဝင်ရောက်ပြီး ရေနစ်မြုပ်နေတယ်။ သရက်သီးခူးဆွတ်ချိန်ရောက်တော့ အခက်အခဲ ဖြစ်တာပေါ့။ ခါတိုင်းဆို သရက်ခြံကနေ ရွာအရောက် တစ်ခြင်း ကျပ် ၁၀၀ တောင်မကျဘူး။ အခုအခါကျ တစ်ခြင်းကို ကျပ် ၃၀၀ ကုန်ကျတယ်” ဟု ဒီပဲယင်းကွဲကျေးရွာမှ ဦးရွှေက ပြောကြားသည်။

စစ်ကိုင်းမြို့နယ် မူးမြစ်ရိုးတစ်လျှောက်ရှိ ရွာထောင်၊ ဒီပဲယင်းကွဲ အစရှိသည့် ရွာများတွင် သရက်သီးနှံကို အဓိကစိုက်ပျိုးသောဒေသဖြစ်ပြီး သရက်ခြံအများစုမှာ မူးမြစ်ရိုးဘေးတွင်တည်ရှိကာ ယခင်က မူးမြစ်ရေသည် နှစ်စဉ် တော်သလင်းလနှင့် သီတင်းကျွတ်လများ၌သာ မြင့်တက်လေ့ရှိပြီး သရက်ခြံများအတွင်းသို့ ရေဝင်ရောက်လေ့ရှိကြောင်း၊ ယခုနှစ် သရက်သီး ခူးဆွတ်တင်ပို့ချိန်တွင် မူးမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒီပဲယင်းကွဲကျေးရွာအနောက်ပိုင်း၊ ဒီပဲယင်းကွဲကျေးရွာတောင်ပိုင်း မူးမြစ်ရိုးတစ်လျှောက်ရှိ သရက်ခြံများ ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“မူးရေမဝင်ခင်က သရက်ခြံတွေကနေ ရွာအရောက်ဆို ခြင်း ၁၀၀ ပါ ထော်လာဂျီတစ်ခေါက် ကျပ်တစ်သောင်း ပေးရတယ်။ အခုရေဝင်နေတော့ စက်လှေနဲ့ သယ်ယူနေရတယ်။ 16 Kg ခြင်းတစ်ခြင်းကို ကျပ် ၂၀၀ နဲ့ အိမ်တိုက်ရိုက်မရောက်ဘူး။ ရွာထဲကို ထပ်သယ်ရဦးမှာ။ သယ်ယူခအနေနဲ့ တစ်ခြင်းကို ကျပ် ၂၅၀ လောက် ကုန်ကျတဲ့ အနေအထားဖြစ်နေပြီး ခြံတွေထဲမှာ ရေရောက်နေတဲ့အခါကျတော့ အပျောက်အပျက် အလေ့အလွင့်က များတယ်။ သရက်သီးဆိုတဲ့ သဘာဝက ရေထိရင် မကြိုက်ဘူး။ သရက်သီးခူးလိုက်ရင် အညှာက အစေးလေးတွေ ထွက်တယ်။ အဲဒီအစေးလေးတွေက ရေထိရင် မခြောက်ဘူး။ အဲဒီမှာ ပြည်ပဈေးကွက်တင်တဲ့အခါကျရင် အဲဒီအစေးမခြောက်တဲ့အခါကျ အသီးရဲ့အခွံကို အပူလောင်ပြီး အနာတွေပေါ်ပြီး ဈေးမရဘူး” ဟု ဒီပဲယင်းကွဲကျေးရွာမှ သရက်စိုက်တောင်သူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာသည် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည့်သရက်မျိုးများ အဓိကထား စိုက်ပျိုးလျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး သရက်စိုက်ဧကအနေဖြင့် စုစုပေါင်း ဧက ၃၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

Most Read

Most Recent