<

မြင်းခြံဆေးရုံမှ သုံးရက်သားအရွယ် ကလေးငယ်အား ခိုးယူလာသည့် အမျိုးသမီးကို အမြန်လမ်း ၁၁ မိုင်၌ ဖမ်းမိ

သုံးရက်သားကလေးငယ်ကို ခိုးယူခဲ့သည့် အမျိုးသမီးအား တွေ့ရစဉ် (ဓာတ်ပုံ -U Ko Ni Facebook)

မန္တလေးတိုင်းဒေသကြီး မြင်းခြံပြည်သူ့ဆေးရုံမှ သုံးရက်သားအရွယ် ကလေးငယ်ကို ခိုးယူလာသည့် အမျိုးသမီးအား အမြန်လမ်း ၁၁ မိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၁ ရက်က မြင်းခြံအမှတ်(၁)ရဲစခန်းမှ သိရသည်။

ကလေးငယ်ကို ခိုးယူသည့် အမျိုးသမီးအား ဇွန် ၁၁ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမြန်လမ်း ၁၁ မိုင်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ခိုးယူခံရသည့်ကလေးငယ်မှာ မြင်းခြံဆေးရုံ၌ မွေးဖွားပြီးသည်မှာ သုံးရက်သာရှိသေးပြီး ဇွန် ၁၀ ရက်က အခိုးခံရခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန် ၁၀ ရက်က ဖြစ်တာပါ။ ကလေးက မွေးပြီးတာ သုံးရက်ပဲ ရှိသေးတယ်လို့ သိရတယ်။ ကလေးခိုးယူသွားတဲ့လူက ခရီးသည်တင်ယာဉ်တစ်စီးနဲ့ ရန်ကုန်ဘက်ကို သွားတယ်လို့သိရတော့ ကျွန်တော်တို့ မြင်းခြံမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အခု သူ့ကိုတော့ အမြန်လမ်း ၁၁ မိုင်ကနေ မြင်းခြံကိုပြန်ပြီး ခေါ်လာတယ်လို့ သိရတယ်” ဟု မြင်းခြံအမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကလေးငယ်ကို ခိုးယူခဲ့သည့် အမျိုးသမီးမှာ ပခုက္ကူမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အသက် ၄၅ နှစ်ခန့်ရှိကာ ၎င်းကို လက်ရှိတွင် အမြန်လမ်း ၁၁ မိုင်မှ မြင်းခြံမြို့သို့ ပြန်လည်ခေါ်ယူလာကြောင်းနှင့် ခိုးယူသွားသည့် ကလေးငယ်ကို မိဘများထံသို့ ပြန်လည်အပ်နှံထားပြီဖြစ်ကြောင်း သိရသည်။

“မြင်းခြံရဲစခန်းကနေ ကလေးခိုးလာတဲ့ အမျိုးသမီးတစ်ဦးက ခရီးသည်တင်ယာဉ်တစ်စီးနဲ့ ရန်ကုန်ဘက်ကိုလိုက်လာတယ်လို့ သတင်းရလို့ ရှာဖွေပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖမ်းဆီးရမိတဲ့ အမျိုးသမီးကို မြင်းခြံရဲစခန်းကို လွှဲလိုက်ပါပြီ” ဟု အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ သုံးရက်သားအရွယ် ကလေးငယ်ကို ခိုးယူသွားခဲ့သည့် အမျိုးသမီးအား မြင်းခြံမြို့အမှတ် (၁)ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားပြီး ခိုးယူခဲ့သည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၅ ရက် နံနက် ၂ နာရီခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် မြောက်ဥက္ကလာပ မြို့နယ် (ည) ရပ်ကွက်နေ မ….(၃၅ နှစ်) ဆိုသူ၏ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး အခိုးခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ထားကာ ခိုးယူသူကို လက်ရှိအချိန်တွင် ဖမ်းဆီးရမိ စစ်ဆေးဆောင်ရွက်နေကြောင်း ဇွန် ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

June 11, 2018














Copy Protected by Chetan's WP-Copyprotect.