မြန်မာဘာသာစကား ကျွမ်းကျင်ဝန်ထမ်းများကို Facebook က ထပ်မံခန့်အပ်မည်

မြန်မာဘာသာစကား ကျွမ်းကျင်ဝန်ထမ်းများကို Facebook က ထပ်မံခန့်အပ်မည်
Published 12 June 2018

မြန်မာဘာသာစကား ကျွမ်းကျင်သည့် ဝန်ထမ်းများကို Facebook က ထပ်မံခန့်အပ်သွားမည်ဖြစ်ကာ လူမှုကွန်ရက်စံနှုန်း ချိုးဖောက်မှုများရှိပါက Messenger မှတစ်ဆင့် တိုင်ကြားနိုင်မည်ဖြစ်ကြောင်း Facebook မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

Facebook က တာဝန်ရှိသူများအနေဖြင့် ပြည်တွင်းရှိမီဒီယာများကို လာရောက် တွေ့ဆုံခဲ့ပြီး Facebook နှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ Facebook အနေဖြင့် လူမှုကွန်ရက် စံနှုန်းသတ်မှတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍခြောက်ခု ခွဲခြားထားပြီး ပုံရိပ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု အကြောင်းအရာအတွက် ၃ ဒသမ ၄ သန်း၊ အဖော်အချွတ် အကြောင်းအရာအတွက် ၁ ဒသမ ၉ သန်း၊ လိင်ပိုင်းဆိုင်ရာကိစ္စ အကြောင်းရာအတွက် ၂၁ သန်း၊ အကြမ်းဖက်ဝါဒဖြန့်မှု အကြောင်းအရာအတွက်၂၁ သန်း၊ အမုန်းစကား အကြောင်းအရာအတွက် အကောင့်ပေါင်း၂ ဒသမ ၅သန်း၊ အကောင့်တုနှင့် နှောက်ယှက်သည့် စာတိုပေးပို့ခြင်း အကြောင်းအရာအတွက် အကောင့် ၈၃၆ သန်းကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

“မြန်မာဘာသာစကားနဲ့ နိုင်ငံရဲ့ကျွမ်းကျင်မှုပေါ် ရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံပေါ် အာရုံထားကိုင်တွယ်တဲ့ အဖွဲ့သားတွေ တိုးပွားလာအောင် ပြုလုပ်နေပါတယ်။ ဒီအဖွဲ့သားတွေမှာ မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိရှိနားလည်ပြီး အသုံးပြုသူတွေ လုံခြုံဖို့အတွက် အာရုံထားပါတယ်။ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတွင်းက ကျွမ်းကျင်သူတွေနဲ့ အကြောင်းအရာကိစ္စရပ်တိုင်း ကျွမ်းကျင်သူတွေကို ကျွန်မတို့ Community Operation အဖွဲ့ထဲမှာ လုပ်ဆောင်နေပါတယ်။ ကျွန်မတို့ရဲ့ Global Operation and Safety Team က လောလောဆယ်မှာ ကမ္ဘာတစ်ဝန်းက လူပေါင်း ၁၅,၀၀၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ၂၀,၀၀၀ အထိရှိလာအောင် ထပ်မံပြီးတော့ လူအင်အားဖြည်ရန် စီစဉ်ထားပါတယ်” ဟု Facebook ၏ Product Manager Sara Su က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ Facebook အသုံးပြုသူများအနေဖြင့် လူမှုကွန်ရက် စံနှုန်းချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တွေ့ရှိပါက Messenger မှတစ်ဆင့် တိုင်ကြားနိုင်ပြီး ပြည်တွင်းက Facebook အသုံးပြုသူတွေ လုံခြုံနိုင်ရန်အတွက် ပြည်တွင်းက မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Facebook အနေဖြင့် လူမှုစံနှုန်းတိုင်ကြားရေး Tools များနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ဆောင်မှုများကို အဆက်မပြတ် လုပ်ကိုင်နေကြောင်း သိရသည်။

“အခုဆိုရင် Facebook Messenger မှာပါ တိုင်ကြားနိုင်ပြီး ဖုန်းတွေမှာလည်း တိုင်ကြားနိုင်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက အသုံးပြုသူတွေလည်း Messenger မှာ လူမှုကွန်ရက်စံနှုန်းတွေ ချိုးဖောက်နေတယ်လို့ ယူဆတဲ့ အကြောင်းအရာတွေကို တိုင်ကြားနိုင်ပါတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Facebook အနေဖြင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွက် လုံခြုံမှုအပိုင်း၊ Engineering နှင့် မူဝါဒအပိုင်းများအတွက် ဝန်ထမ်းများကို ထပ်မံခန့်အပ်သွားမည်ဖြစ်ပြီး ခန့်အပ်ခံရသည့် ဝန်ထမ်းများအနေဖြင့် ပြည်တွင်း၌ အသုံးပြုသူများ ကြုံတွေနေရသည့် အခက်အခဲများကို နားလည်ပြီး အသုံးပြုသူများ လုံခြုံရေး အဓိက လုပ်ဆောင်သွားမည်ဖြစ်သည်။

Most Read

Most Recent