SME လုပ်ငန်းပေါင်း ခြောက်သောင်းခွဲအထိ မှတ်ပုံတင်ထားပြီး စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် ရာခိုင်နှုန်း ၆၀ ခန့်အထိရှိဟု ဆို

SME လုပ်ငန်းပေါင်း ခြောက်သောင်းခွဲအထိ မှတ်ပုံတင်ထားပြီး စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် ရာခိုင်နှုန်း ၆၀ ခန့်အထိရှိဟု ဆို
Published 12 June 2018

မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းပေါင်း ခြောက်သောင်းခွဲနီးပါးအထိ မှတ်ပုံတင်ထားပြီး စားသောက်ကုန်လုပ်ငန်းကဏ္ဍမှာ ရာခိုင်နှုန်း ၆၀ ခန့်အထိရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

“မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေကတော့ ၆၄၀၀၀ ကျော် ၆၅၀၀၀ နားနီးပါပြီ။ စားသောက်ကုန်လုပ်ငန်းတွေက အများဆုံး။ စားသောက်ကုန်လုပ်ငန်းတွေက ရာခိုင်နှုန်း ၆၀ နီးပါးလောက်က မှတ်ပုံတင်ထားပါတယ်” ဟု စက်မူဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။

အဆိုပါ မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ အနက် ၄၀၀၀၀ ခန့်သည့် ပုဂ္ဂလိကစက်မှု လုပ်ငန်း ဥပဒေအရ မှတ်ပုံတင်ထားခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် နှစ်နှစ်တာကာလအတွင်း၌ လုပ်ငန်းပေါင်း ၂၀၀၀၀ ခန့်အထိ မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“၆၅၀၀၀ ထဲမှာတော့ လေးသောင်းလောက်ကတော့ စက်မှုလုပ်ငန်း ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားတာ။ သူကတော့ကြာပါပြီ။ ၁၉၉၀ ကတည်းက မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေကို မှတ်ပုံတင်တော့ အခုချိန်အထိကို လေးသောင်းလောက်အထိ မှတ်ပုံတင်တယ်။ ကျန်တဲ့သူတွေကတော့ တရားဝင်ကတော့ ၂၀၁၆ နှစ်ဝက်လောက်မှ စပြီးတော့ဒါ SME အဖွဲ့ဝင် ကတ်ထုတ်ပေးတယ်။ နှစ်နှစ်ကာလအတွင်းမှာတော့ နှစ်သောင်းလောက် မှတ်ပုံတင်တာ ဖြစ်ပါတယ်” ဟု ဒေါ်အေးအေးဝင်းက ပြောကြားသည်။

လက်ရှိတွင် SME လုပ်ငန်းရှင်များကို SMIDB ဘဏ်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ လုပ်ငန်းများအတွက် ချေးငွေကျပ် ၉ ဒသမ ၆၃ ဘီလျံအထိ ထုတ်ချေးထားပြီး ဖြစ်ကြောင်း အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

ထို့အတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ SME လုပ်ငန်းရှင်များကို အာမခံပစ္စည်းထားရှိကာ ချေးငွေထုတ်ချေးထားမှုသည် ကျပ်ဘီလျံ ၉၀ အထိ ရှိနေသည်။

Most Read

Most Recent