ဘဏ်နှစ်ဘဏ် အခြေအနေမဟန်ဟု ရေးသားမှု မှန်ကန်ခြင်းမရှိကြောင်းနှင့် လူမှုကွန်ရက်တွင် ရေးသားသူက နိုင်ငံ့စီးပွားရေးစနစ် အနှောက်အယှက်ဖြစ်စေရန် ရေးသားခြင်းဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူမည်ဟုဆို

ဘဏ်နှစ်ဘဏ် အခြေအနေမဟန်ဟု ရေးသားမှု မှန်ကန်ခြင်းမရှိကြောင်းနှင့် လူမှုကွန်ရက်တွင် ရေးသားသူက နိုင်ငံ့စီးပွားရေးစနစ် အနှောက်အယှက်ဖြစ်စေရန် ရေးသားခြင်းဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူမည်ဟုဆို
Published 12 June 2018

လူမှုကွန်ရက်တွင် ဇွန် ၁၀ ရက်က Kyaw Swe အမည်ဖြင့် Facebook သုံးစွဲသူက “အများပိုင်ကုမ္ပဏီကြီးငါးခု ဘဏ်နှစ်ဘဏ် အခြေအနေ မဟန်တော့ဘူး။ ဒေဝါလီဆိုရင်တော့ ခံပေဦးပေါ့ ပြည်သူတွေ” ဟု ရေးသားမှုမှာ မှန်ကန်ခြင်းမရှိဘဲ ထိုသို့ရေးသားသူတွင် နိုင်ငံ့စီးပွားရေးစနစ် အနှောက်အယှက်ဖြစ်စေရန် ရေးသားသည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဇွန် ၁၁ ရက်တွင် ပြောကြားသည်။

“နိုင်ငံတော်စီးပွားရေးစနစ်ကို အနှောက်အယှက်ဖြစ်အောင် တင်တာလား။ အဖျက်အမှောင့်အနေနဲ့ လုပ်တာလား။ Facebook သုံးပြီး မဟုတ်တမ်းတရား လွှင့်တာလားဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘယ်ဟာနဲ့ငြိစွန်းတယ်ဆိုတာ သုံးသပ်ပြီး အရေးယူသွားမှာပေါ့” ဟု ဦးဝင်းသော်က ပြောကြားသည်။

ဘဏ်များပြိုလဲမှုသည် နိုင်ငံ့စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပြီး မြန်မာနိုင်ငံတွင် ဘဏ်များပြိုလဲတော့မည်ဆိုသည့် ကောလာဟလများ နှစ်စဉ်လွှင့်ထုတ်မှု ရှိနေသည်။ ထိုသို့ ကောလာဟလများကို ပြည်သူများယုံစားကာ ငွေဝိုင်းထုတ်ပါက မည်မျှတောင့်တင်းသည့် ဘဏ်ဖြစ်စေ ပြိုလဲနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဘဏ်နှစ်ခု အခြေအနေမကောင်းဟု Facebook တွင် ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ဦးဝင်းသော်ကပင် ယင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးချက် ထုတ်ပြန်ပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်လျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးနယ်ပယ်များအတွင်း ဖြစ်ပေါ်နေသော အကြပ်အတည်းများ၊ ပြဿနာများအား ဖြေရှင်းနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေချိန်တွင် ပြည်သူလူထု စိတ်အနှောက်အယှက်ဖြစ်သော အရေးအသားများ၊ စီးပွားရေးဖွံ့ဖြိုးဆဲ အရှိန်အဟုန်ကို ဟန့်တားသည့်သဘော သက်ရောက်စေသည့် ရေးသားဖြန့်ဝေမှုများအား ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေသော ပုဂ္ဂလိကကုမ္ပဏီများအပေါ် ယုံကြည်မှုကင်းမဲ့စေသော အသုံးအနှုန်းများသည် အဖျက်အမှောက်လုပ်ငန်းအသွင်ဖြင့် ပျက်စီးရာပျက်စီးကြောင်း ဝါဒဖြန့်ခြင်းများအား မြင်တွေ့ဖတ်ရှုရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားတိုးတက်လာစေရေးနှင့် နိုင်ငံတကာဘဏ်များ၏ စံချိန်စံညွှန်းနှင့်အညီ ယှဉ်ပြိုင်လာစေနိုင်ရေးကိစ္စရပ်များအပေါ် တစ်ဆင့်ပြီးတစ်ဆင့် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ (၂၀၁၆) နှင့်အညီ ဘဏ်များစနစ်တကျ ဖြစ်စေရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော မတည်ငွေရင်းလုံလောက်မှုစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ၊ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းနှင့် ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ခြင်း စည်းမျဉ်းတို့အား အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၁၇)၊ (၁၇/၂၀၁၇)၊ (၁၈/၂၀၁၇) နှင့် (၁၉/၂၀၁၇) တို့ဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စည်းမျဉ်းတို့သည် ဘဏ်အသီးသီး၏ စနစ်ရှိမှုနှင့် ခိုင်မာမှုအတွက် အဓိကဖြစ်သလို နိုင်ငံတကာဘဏ်များနှင့်တန်းတူ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် လိုက်နာကိုက်ညီရမည့် အခြေခံအချက်များပင် ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ချက်များအပေါ် ဘဏ်အသီးသီး အနေဖြင့် မူလအစပိုင်းတွင် အတိုင်းအတာတစ်ခုအထိ အခက်အခဲများ ကြုံတွေ့ရသော်လည်း တစ်နှစ်တာကာလအတွင်း တွေ့ကြုံရသော အခက်အခဲများအား ပြန်လည်တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဖြေလျော့သင့်သည်များကို ဖြေလျော့ပေးခြင်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စနစ်တကျ စစ်ဆေးကြပ်မတ်မှုများအရလည်းကောင်း၊ ဘဏ်များ၏ ပြုပြင်ပြောင်းလဲလိုစိတ်ဖြင့် ဖွဲ့စည်းပုံများ ပြင်ဆင်တိုးချဲ့၍ ကြီးကြပ်ကွပ်ကဲခြင်း၊ မှားယွင်းခဲ့သော အမှားများအား စိစစ်ပြင်ဆင်ခြင်း၊ နိုင်ငံတကာမှ အတွေ့အကြုံများရှိသော ပညာရှင်များအား ခန့်အပ်ကာ ပြုပြင်ပြောင်းလဲ တိုးတက်အောင် လုပ်ဆောင်ခြင်းများအရလည်းကောင်း၊ နောက်ဆုံးစိစစ်တွေ့ရှိရသော ဘဏ်အသီးသီး၏ ငွေရေးကြေးရေး အချက်အလက်များ Financial Statement များအရလည်း ဘဏ်များ အခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ ပြည်သူလူထုသို့ အသိပေး တင်ပြလိုသည်မှာ ပုဂ္ဂလိကဘဏ်များအပေါ် ယုံကြည်စွာအပ်နှံခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီကြရန်သာဖြစ်ပြီး အဖျက်အမှောက် သဘောဆန်သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်ဆိုင်သော ကိစ္စရပ်များအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ကောလဟလ သွားပုတ်လေလွင့် ရေးသားဖော်ပြ ထုတ်လွှင့်မှုများသည် နိုင်ငံတော်၏အကျိုးစီးပွားကို ပျက်စီးလိုသော သဘောသာဖြစ်သဖြင့် ယုံကြည်မှုမရှိစေရန်နှင့် မည်သည့်ကောလဟလမဆို သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းစုံစမ်းခြင်းသာ ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဘဏ်နှစ်ဘဏ်အား ဗဟိုဘဏ်ဥပဒေနှင့်အညီ စီစစ်၍ စာရင်းရှင်းလင်း ဖျက်သိမ်းရန်ဆိုသောကိစ္စရပ်သည် လုံးဝ(လုံးဝ) မမှန်ကန်ပါကြောင်းနှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် သတင်းမှားများ ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်ဟု ရေးသားထားသည်။

“ဗဟိုဘဏ်အနေနဲ့ တရားစွဲမှာလားဆိုရင်တော့ အထက်လူကြီးတွေနဲ့ တာဝန်ရှိတဲ့သူတွေအပိုင်းပေါ့။ ကျွန်တော့်အပိုင်းကတော့ မဟုတ်ဘူးဆိုတာကို ချက်ခြင်း On The Spot ပြည်သူလူထုသိအောင်၊ ဇဝေဇဝါမရှိအောင်၊ လူတွေအထိတ်တလန့် မဖြစ်အောင် ဖြေတဲ့သဘောပါ” ဟု ဦးဝင်းသော်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent