အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်း မုဒိမ်းကျင့်မှုဖြင့် ၁၉ နှစ်အရွယ် အမျိုးသား ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

အသက်မပြည့်သည့် မိန်းကလေးကို ခိုးယူပေါင်းသင်း မုဒိမ်းကျင့်မှုဖြင့် ၁၉ နှစ်အရွယ် အမျိုးသား ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ
Published 12 June 2018

အသက်မပြည့်သည့် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်း မုဒိမ်းကျင့်မှုဖြင့် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ချမှတ်ရာတွင် ပုဒ်မနှစ်ခုဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃(လူခိုးမှု) ဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်တို့ ကျခံစေရန် ဇွန် ၁၁ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရသူ အမျိုးသားမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက မိဘအုပ်ထိန်းမှု လက်အောက်တွင်ရှိသော သမီးဖြစ်သူ ၁၃ နှစ် ၅ လအရွယ် မ....ကို သွေးဆောင်ဖြားယောင်းကာ ခိုးယူပေါင်းသင်းခဲ့မှုဖြင့် မ....၏ မိခင်က တရားလိုပြုလုပ်ကာ မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆ တို့ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ထို့နောက် ယင်းအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို သေဒဏ်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်တွင် အဆိုပါအမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent