<

အမေရိကန်ဒေါ်လာ အတုပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်ထုပ်များအား အမျိုးသားတစ်ဦးက ဒလရဲစခန်းသို့ လာရောက်အပ်နှံ

အမေရိကန်ဒေါ်လာ အတုပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်ထုပ်များအား အမျိုးသားတစ်ဦးက ဒလမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း ဇွန် ၁၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ တွံ့တေးမြို့နယ် ဈေးသစ်ရပ်ကွက်တွင် နေထိုင်သည့် ဦး….(၄၅ နှစ်)ဆိုသူသည် ဇွန် ၉ ရက် ညနေ ၅ နာရီခန့်က ဒလမြို့မရဲစခန်းသို့ ရောက်ရှိပြီး အမေရိကန် ဒေါ်လာအတုပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်ထုပ်များထည့်ထားသည့် လက်ဆွဲအိတ်သေတ္တာအား လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုသို့အပ်နှံသဖြင့် တာဝန်ရှိသူများက အဆိုပါ လက်ဆွဲအိတ်သေတ္တာအား စစ်ဆေးခဲ့ရာ အတွင်း၌ အမေရိကန်နိုင်ငံအလံရုပ်ပုံနှင့် United States Minting and Printing Authority ၌ ၁၀၀၀၀ ဒသမ ၀၀ စာတန်းပါ စက္ကူဖြင့်ပတ်လျက် အလျား ၆ ဒသမ ၄ လက်မ၊ အနံ ၂ ဒသမ ၆ လက်မခန့်ရှိ ပိုင်းဖြတ်ထားသော အနက်ရောင်စက္ကူ အရွက် ၁၀၀ ပါ ၅၈ အုပ်နှင့် ၇၈ ရွက်ပါ တစ်အုပ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများမှ အဆိုပါ ပစ္စည်းများ လာရောက်အပ်နှံခဲ့သည့် ဦး…(၄၅ နှစ်) အား မေးမြန်းရာ ၎င်းသည် လုပ်ငန်းကိစ္စဖြင့် နိုင်ငံခြားသားအမျိုးသားနှစ်ဦးနှင့် သိရှိရင်းနှီးခဲ့ကြောင်း၊ ထိုသို့ရင်းနှီးခဲ့ပြီးနောက် မေ ၂၇ ရက်တွင် အဆိုပါအမျိုးသား နှစ်ဦးအား ယင်းသေတ္တာအား နေအိမ်သို့ ယူဆောင်ပြီး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့က သေတ္တာအတွင်းရှိ စက္ကူငါးရွက်အား ဆေးရည်ဖြင့်စိမ်ပြီး ဆပ်ပြာဖြင့် ဆေးပြခဲ့ကြောင်း၊ ဆေးပြီးနောက်တွင် အဆိုပါစက္ကူများမှာ အမေရိကန်ဒေါ်လာ ၁၀၀ တန်များ ဖြစ်သွားခဲ့ကြောင်း သိရသည်။

“အဲဒီလိုလုပ်ပြပြီး ဒေါ်လာအတုလုပ်တဲ့ ဆေးရည်ကုန်သွားလို့ဆိုပြီး ခုလာရောက်အပ်နှံတဲ့ အမျိုးသားဆီမှာ အဲဒီပစ္စည်းတွေကို အပ်နှံခဲ့တယ်လို့ သိရတယ်။ နောက်ပြီးတော့ ဒီအမျိုးသားကို အဲဒီဆေးရည်ကို နိုင်ငံခြားကနေ သယ်ဆောင်မယ်လို့ပြောတယ်။ နောက်သယ်ယူပြီး အခွန်ဆောင်ဖို့လို့ ဆိုပြီးတော့ အဲဒီအမျိုးသားဆီက သိန်း ၄၀ ယူဆောင်သွားတယ်လို့ပြောတယ်။ လက်ရှိမှာ အဲဒီပစ္စည်းတွေကို စီအိုင်ဒီရဲတပ်ဖွဲ့ကို ပေးထားပြီး စစ်ဆေးဖို့ လုပ်နေပါတယ်။ စီအိုင်ဒီရဲတပ်ဖွဲ့ကနေ အကြောင်းကြားချက်ပြန်ရလာမှသာ ဒီဖြစ်စဉ်ကို အမှုဖွင့်သင့်၊ မဖွင့်သင့် လုပ်ဆောင်မှာပါ။ လက်ရှိမှာတော့ စခန်းမှာ အမှုဖွင့်ထားခြင်း မရှိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

June 11, 2018














Copy Protected by Chetan's WP-Copyprotect.