ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း ၁၅ တန်နှင့်အတူ တာချီလိတ်၌ ဖမ်းမိ

ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း ၁၅ တန်နှင့်အတူ တာချီလိတ်၌ ဖမ်းမိ
Published 12 June 2018

မူးယစ်ဆေး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်း ၁၅ တန် ဖမ်းဆီးရမိမှုနှင့် ပတ်သက်သော စောင့်ကြည့်စဉ်ကာလနှင့် ဖမ်းဆီးမိပြီးကာလ ဓာတ်ပုံများကို ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေ အတွင်းရေးမှူး စီရင်ယာစစ်ဒီချိုင်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Bangkok Post)

လော်ရီကားမောင်းသူ ထိုင်းနိုင်ငံသား တစ်ဦးကို မူးယစ်ဆေး ပြုလုပ်ရာတွင် အကြိုပစ္စည်းအဖြစ် အသုံးပြုသော ဆိုဒီယမ်ဆိုင်ယင်နိုက် ၁၅ တန်အား သယ်ဆောင်လာစဉ် မြန်မာနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၁ ရက်တွင် Bangkok Post သတင်းစာက ဖော်ပြသည်။

ယင်းဖမ်းဆီးမှုကို ထိုင်း-မြန်မာ မူးယစ်ဆေးတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်မှုအောက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ဆဝက်ကော်ဒါဆိုသူကို မြန်မာနယ်စပ်မြို့ဖြစ်သော တာချီလိတ်တွင် ဇွန် ၉ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဖမ်းဆီးမှုကို ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး အထွေထွေအတွင်းရေးမှူး စီရင်ယာ စစ်ဒီချိုင်းက ဇွန် ၁၀ ရက်တွင် ကြေညာခဲ့သည်။

စီရင်ယာက ယင်းဓာတုပစ္စည်းများကို ထိုင်းနိုင်ငံသို့ တရုတ်ကုမ္ပဏီတစ်ခုက ချွန်ပူရီပြည်နယ်ရှိ လာအမ်ချာဘန်းဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချီအန်ဆာအန်း အကောက်ခွန်ဌာနက အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြစ်သောကြောင့် မဲခေါင်မြစ်တစ်လျှောက် သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ပို့ရန် သယ်ချခဲ့သောကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ လော်ရီကားဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပို့မည့်နေရာကို ရှင်းရှင်းလင်းလင်း ဖော်ပြလျက် ယင်းပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း ခွင့်ပြုချက် ပါရှိသောကြောင့် အဆိုပါ လော်ရီကားအား နယ်စပ်ကို ဖြတ်သန်းခွင့်ပေးခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော် ကုန်ပစ္စည်းပမာဏ ကြီးမားသောကြောင့် မြန်မာအာဏာပိုင်များအား ကုန်ပစ္စည်းများကို စစ်ဆေးရန် ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ ကုန်ပစ္စည်းများကို သတ္တုတွင်းလုပ်ငန်းအတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်ဟု စီရင်နာက ဆိုသည်။ သို့သော် သူက ဆိုဒီယမ်ဆိုင်ယင်နိုက်သည် ယာဘဆေးပြားများ ထုတ်လုပ်ရာ၌လည်း သုံးနိုင်သည်ဟု ဆိုသည်။

လော်ရီကားသည် နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် မြန်မာအာဏာပိုင်များက ယင်းပစ္စည်းများကို ပို့မည့်နေရာအား စစ်ဆေးရာတွင် ထိုင်းနိုင်ငံတွင် ခွင့်ပြုချက်ရယူထားသည့် နေရာနှင့် ကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဆဝက်ဆိုသူသည် ယင်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံရှိ လက်ခံမည့်သူထံသို့ လက်ဆင့်ကမ်းရန် ဖြစ်ကြောင်းလည်း စီရင်ယာက ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းသူအား နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ ဆိုဒီယမ်ဆိုင်ယမ်နိုက်ကို တင်သွင်းမှုတို့ဖြင့် တရားစွဲဆိုမည်ဟု ဆိုသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် အဆိုပါ ထိုင်းနိုင်ငံသားယာဉ်မောင်းသူအား ထိုင်းနိုင်ငံသို့ပြန်ခေါ်၍ တရားစီရင်မှုကို ရင်ဆိုင်စေရန် ဆုံးဖြတ်ချက် ချ မချကိစ္စအတွက် ဥပဒေဆိုင်ရာ အချက်အလက်များကို စစ်ဆေးမည်ဖြစ်ကြောင်း စီရင်ယာက ပြောကြားခဲ့သည်။ “သူဟာ ယာဉ်မောင်းသူသာ ဖြစ်နေတာမို့ တရားမျှတမှုကို သူ့အတွက် တိုးချဲ့ပေးရပါမယ်” ဟုလည်း စီရင်ယာက ပြောကြားခဲ့သည်။

စီရင်ယာက ဆိုဒီယမ်ဆိုင်ယင်နိုက် ၁၅ တန်သည် စိတ်ကြွဆေးအမှုန့် ၅,၉၀၀ ကီလိုဂရမ် သို့မဟုတ် ယာဘဆေးပြား ၂၉၅ သန်း ထုတ်လုပ်ရန်အတွက် သုံးနိုင်သည်ဟုဆိုသည်။

အခြားအမှုတစ်ခုတွင် မူးယစ်ဆေး အလွဲသုံးစားမှုနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ မြန်မာအာဏာပိုင်များက ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မသင်္ကာမှုအတွက် မေ ၃၁ ရက်က တာချီလိတ်တွင် ဖမ်းဆီးခဲ့သေးသည်။

Ref: Bangkok Post

Most Read

Most Recent