၂၁ ရာစု ပင်လုံအစည်းအဝေးသည် Stakeholders များအကြား နိုင်ငံရေးအရ ယှဉ်ပြိုင်သည့်ပွဲအဖြစ် အသုံးပြုရမည့်နေရာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ချမှတ်သော မှတ်ကျောက်ဖြစ်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ပြောကြား

၂၁ ရာစု ပင်လုံအစည်းအဝေးသည် Stakeholders များအကြား နိုင်ငံရေးအရ ယှဉ်ပြိုင်သည့်ပွဲအဖြစ် အသုံးပြုရမည့်နေရာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ချမှတ်သော မှတ်ကျောက်ဖြစ်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌ ပြောကြား
Published 12 June 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးသည် Stakeholders များအကြား နိုင်ငံရေးအရ ယှဉ်ပြိုင်သည့်ပွဲအဖြစ် အသုံးပြုရမည့် နေရာမဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ချမှတ်အပ်သော မှတ်ကျောက်ဖြစ်ရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ (၂၁) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ကြောင်း NCA-SEAO ရုံးက သတင်းထုတ်ပြန်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်သည့်နေရာတွင် အထင်ရှားဆုံးအရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးဖြစ်သော်လည်း အဆိုပါ အစည်းအဝေးသည် ပွဲဖြစ်ရုံလုပ်သည်ဆိုခြင်းထက် အဆိုပါပွဲမှ ရလဒ်ကောင်းများ ရရှိရမည်ဆိုသည့် မျှော်မှန်းချက်များ ထားရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

အနှစ်သာရရှိသော ရလဒ်များရရှိရေးအတွက် Public Consultation အဆင့်ဆင့်မှ National Dialogue အထိ ရရှိလာသော စုစည်းချက်များကို ယူဆောင်လာရမှာဖြစ်ပြီး အဆိုပါ စုစည်းချက်များကို UPDJC နှင့် UPDJC ၏ လုပ်ငန်းကော်မတီအစည်းအဝေးတွင် အကျေအလည် ညှိနှိုင်းဆွေးနွေး ကျော်ဖြတ်ရမည်ဖြစ်ကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် အခက်အခဲရှိသော အဖွဲ့အစည်းများ အနေဖြင့်လည်း ညီလာခံကျင်းပရေးသည် ယုံကြည်မှု တည်ဆောက်ရေးအတွက် မည်မျှအထိ အထောက်အကူပြုမည်ဟု ချိန်ထိုး၍ အကောင်းဆုံး မည်သို့ကျော်လွှားမည်ကို ဝိုင်းဝန်းအဖြေရှာရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးဟာ Stakeholders တွေကြားမှာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ပွဲအဖြစ် အသုံးပြုရမယ့်နေရာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ချမှတ်အပ်တဲ့ မှတ်ကျောက်ဖြစ်ဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ကြောင့် ညီလာခံတစ်ခုပြီးတိုင်း Stakeholders များအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာများကို မှတ်ကျောက်တင်နိုင်ရေးအတွက် အားလုံးတွင်တာဝန်ရှိပြီး တစ်နှစ်ကျော်ကြာ မပြုလုပ်နိုင်သေးဘဲရှိနေသည့် ၂၁ ရာစု ပင်လုံအစည်းအဝေးကိုလည်း ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ အခြေခံတစ်ခုအနေဖြင့် မည်သို့ကျင်းပသင့်သည်ဆိုသည်ကိုလည်း ဆွေးနွေးကြရန် ၎င်းက ပြောကြားသည်။

“အောင်မြင်တဲ့ ငြိမ်းချမ်းရေးညီလာခံဆိုတာ ခမ်းနားထည်ဝါစွာ အပေါ်ယံပြုလုပ်တဲ့ အသွင်ထက် အနှစ်သာရရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံရလဒ်တွေ ရနိုင်ရဲ့လားဆိုတာနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးတက်အောင်မြင်နိုင်ရေးအတွက် ဆွေးနွေးဖက်တွေကြားမှာရှိတဲ့ ကွာဟချက်တွေကို အသိအမှတ်ပြုရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဘုံလုပ်ငန်းစဉ် သဘောထားမျှော်မှန်းချက် စံတန်ဖိုးတွေကို ရှာဖွေတဲ့ ကြိုးစားမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတွင် တည်ငြိမ်အေးချမ်းပြီး မျှော်လင့်ချက်ပေးနိုင်သော အနာဂတ်ကို ဖန်တီးနိုင်ရေးအတွက် အားလုံးတွင်တာဝန်ရှိပြီး လက်ရှိ NCA အရ ပေါ်ပေါက်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ အကျေအလည်ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း စသည့်အချက်များ ပါဝင်သော နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို လက်တွေ့အသုံးပြုကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

Most Read

Most Recent