အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တိုင်ကြားစာ ရလျှင်ရချင်း အမှုဖွင့်ဖမ်းဆီးခြင်း လုံးဝမရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း မရှိကြောင်း အသိပေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တိုင်ကြားစာ ရလျှင်ရချင်း အမှုဖွင့်ဖမ်းဆီးခြင်း လုံးဝမရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း မရှိကြောင်း အသိပေး
Published 12 June 2018

The Daily Eleven သတင်းစာမှ အကြီးတန်းအယ်ဒီတာ ဖြိုးဝေ၏ မေးမြန်းချက်မှာ ဧပြီ ၂၁ ရက်က The Daily Eleven သတင်းစာ၌ဖော်ပြပါရှိခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့် ၏ ပြောကြားချက်အား ကိုးကားထားခြင်းဖြစ်သည်။ (အပေါ်ပုံ)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် တိုင်ကြားစာ ရလျှင်ရချင်း အမှုဖွင့်ဖမ်းဆီးခြင်း လုံးဝမရှိကြောင်းနှင့် ထိုသို့ လုပ်ဆောင်ရန် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း မရှိကြောင်း ဇွန် ၁၁ ရက်တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

အသိပေးချက်ကို အချက်လေးချက်ဖြင့် ဖော်ပြထားပြီး ပထမအချက်တွင် ဇွန် ၉ ရက် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Eleven Media မှ ဦးဖြိုးဝေက တပ်မတော်မှ ကူးပြောင်းလာသည့် FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို တိုင်စာရရချင်း ဖမ်းဆီးအရေးယူမှုနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်ဟု ဖော်ပြထားသည်။

ဒုတိယအချက်တွင် ကော်မရှင်အနေဖြင့် ဒေါက်တာသန်းထွဋ်အပေါ် တိုင်ကြားစာအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လက်ခံရရှိခဲ့ပြီး တိုင်ကြားစာ စိစစ်သုံးသပ်ရေး လုပ်ငန်းကော်မတီက ဖေဖော်ဝါရီ ၇ ရက်တွင် စတင်စိစစ် သုံးသပ်ခဲ့ကာ ဖေဖော်ဝါ ရီ ၂၃ ရက်တွင် ကျင်းပပြုလုပ်သော ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၈)၌ တိုင်ကြားစာကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

တတိယအချက်အဖြစ် ဒေါက်တာသန်းထွဋ်အပေါ် တိုင်ကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်မှ ဧပြီ ၁၈ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တိုင်ကြားသူ၊ စွပ်စွဲခံရသူနှင့် သက်သေ စုစုပေါင်း ၁၈ ဦးတို့အား စစ်ဆေးမေးမြန်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ဧပြီ ၁၉ ရက်တွင် ကျင်းပပြုလုပ်သော ကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၈) ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် ဧပြီ ၂၀ ရက်တွင် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စတုတ္ထအချက်အဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် တိုင်ကြားစာ ရလျှင်ရချင်း အမှုဖွင့်ဖမ်းဆီးခြင်း လုံးဝမရှိကြောင်းနှင့် ထိုသို့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းလည်း မရှိကြောင်း ဖော်ပြအပ်ပါသည်ဟု အသိပေးချက် ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဇွန် ၉ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ Eleven Media Group မှ အကြီးတန်းအယ်ဒီတာ ဖြိုးေ၀ တက်ရောက် သတင်းရယူခဲ့ပြီး အဆိုပါနေ့တွင် မေးမြန်းခဲ့သည့် တပ်မတော်မှ ကူးပြောင်းလာသည့် FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို တိုင်စာရရချင်း ဖမ်းဆီးအရေးယူမှုနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ခြင်းမှာ ဒေါက်တာသန်းထွဋ်ကို ဖမ်းဆီးခဲ့သည့် ဧပြီ ၂၀ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်ကို မေးမြန်းရာတွင် ဦးဟန်ညွန့်က “တိုင်တာကတော့ ဒီနေ့ပဲ တိုင်တယ်။ တရားလို နာမည်တော့ ပြောမရဘူး။ တိုင်တာနဲ့ ချက်ချင်း အမှုဖွင့်တာပါ”ဟု ပြောကြားထားမှုအပေါ် (ပြောကြားထားသည့် အသံဖိုင်ရှိသည်) ကိုးကား မေးမြန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြေကြားချက်နှင့် ဒေါက်တာသန်းထွဋ်အား ဖမ်းဆီးသည့် ဖြစ်စဉ်အပေါ် ဧပြီ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားပြီး ဖြစ်သည်။

Most Read

Most Recent