တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့် သာကေတတံတားသစ် (ဒေါပုံတံတား) တွင် ယာဉ်များ ယာယီဖြတ်သန်း သွားလာခွင့် ပြုထားပြီး သြဂုတ်လအတွင်း ဖွင့်လှစ်မည်

တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့် သာကေတတံတားသစ် (ဒေါပုံတံတား) တွင် ယာဉ်များ ယာယီဖြတ်သန်း သွားလာခွင့် ပြုထားပြီး သြဂုတ်လအတွင်း ဖွင့်လှစ်မည်
Published 11 June 2018

သာကေတတံတားသစ် (ဒေါပုံတံတား) တွင် ဇွန် ၁၀ ရက် နံနက်က ယာဉ်များယာယီ ဖြတ်သန်းသွားလာခွင့် ပြုထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဂျပန်အစိုးရ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့သည့် သာကေတ တံတားသစ် (ဒေါပုံ) တည်ဆောက်ရေး လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးဖြစ်၍ ဇွန် ၁၀ ရက်တွင် ယာဉ်များယာယီ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တံတားအား လာမည့် သြဂုတ်လအတွင်း ဖွင့်လှစ်အသုံးပြုနိုင်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ သာကေတတံတားသစ်မှာ ရန်ကုန်တိုင်းဒေသကြီး ပုစွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ပုစွန်တောင်ချောင်းကို ဖြတ်သန်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။ သာကေတ တံတားသစ်အား ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ဂျပန်ယန်းငွေ ယန်း ၄၂၁၆ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။

တံတားတည်ဆောက်ရေး စီမံကိန်း၌ ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများအပြင် မြန်မာအင်ဂျင်နီယာများ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အင်ဂျင်နီယာများ ပါဝင်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တံတားအရှည်မှာ ပေ ၈၃၀ (၂၅၃ မီ တာ)ရှည်ပြီး ၂၁ ဒသမ ၅ မီတာကျယ်ကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစားဖြစ်သည်။ ယာဉ်သွားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာ အကျယ်အဝန်းရှိ လူသွားလမ်း ပလက်ဖောင်း အသွားအပြန်အား ထည့်သွင်းတည်ဆောက် ထားခြင်းဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်မီးတိုင်စိုက်ခြင်းနှင့် သွယ်တန်းခြင်း လုပ်ငန်းများ၊ လူသွားလမ်းကြောင်းအတွက် လမ်းခင်းခြင်း လုပ်ငန်းများနှင့် ချဉ်းကပ်လမ်းဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီကာလတွင်  တံတားမှ စီးကျလာမည့် ရေများအတွက် ရေမြောင်းစနစ် လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။ လာမည့် ဇူလိုင်လတွင် တံတားစီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းတွင် တံတားအား ဖွင့်လှစ်နိုင်မည်ဟု သတင်းရရှိသည်။

သာကေတတံတားသစ်အား ပြန်လည်ပေးဆပ်စရာ မလိုသည့် ဂျပန်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းတည်ဆောက် နေခြင်းဖြစ်သည်။

“လက်ရှိသုံးနေတဲ့ တံတားဟောင်းက နှစ်လမ်းသွားဆိုတော့ မင်္ဂလာတောင်ညွှန့်ဘက်ကိုသွားတဲ့ ယာဉ်တွေနဲ့ ပုဇွန်တောင်ဘက်ကို ပြန်ဆင်းတဲ့ ယာဉ်တွေ ယာဉ်ကြောပိတ်မှုတွေ ဖြစ်နေတယ်။ အခုတံတားသစ်ကျတော့ လေးလမ်းသွား ဖြစ်တဲ့အတွက် ပုဇွန်တောင်ဘက်က ကွေ့ပတ်ဆင်းတဲ့ ယာဉ်လမ်းကြောင်းအတွက် နေရာပိုပေး ထားပါတယ်။ ကားလမ်း ခုံးကျော်တံတားမှာဆိုလည်း အဝင်အထွက်နေရာကို ခြောက်လမ်းသွားလောက်အထိ လုပ်ဆောင်ထားလို့ ယာဉ်တွေ ချောင်ချောင်ချိချိ ဖြတ်သန်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

လက်ရှိ အသုံးပြုနေသော သာကေတတံတားသည် ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၅၀ သက်တမ်းရှိပြီဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ တစ်ရက်လျှင် ကားအစီးရေ ၂၀၀၀၀ ကျော် ဖြတ်သန်းနေပြီး၊ လာမည့် ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၅၀၀၀၀ ကျော် ဖြတ်သန်းမည်ဟု ခန့်မှန်းထားရာ တံတားဟောင်း၏ ခံနိုင်ဝန်အား ကျဆင်းလာခြင်းကြောင့် တံတားသစ် ထပ်မံတည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းရရှိသည်။

သာကေတ တံတားသစ်အား ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ Consultant အဖြစ် တာဝန်ယူပြီး The Consortium of Tokyu-Toyo IIK (Tokyu Construction Co.,Ltd) တို့မှ ၂၀၁၅ ခုနှစ်၊ ဧပြီလပိုင်းက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဂျပန်ယန်း ၄၂၁၆ သန်း ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent