AI အဖွဲ့သည် မြန်မာနိုင်ငံ၏အရေးကို ICC သို့တင်ရန် ကြိုးစားနေသည့်အတွက် သတိပြုရမည်ဖြစ်ပြီး နောက်တစ်ကြိမ် အကြမ်းဖက် တိုက်ခိုက်ရန် အာဆာအဖွဲ့ လူစုနေဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ ပြောကြား

AI အဖွဲ့သည် မြန်မာနိုင်ငံ၏အရေးကို ICC သို့တင်ရန် ကြိုးစားနေသည့်အတွက် သတိပြုရမည်ဖြစ်ပြီး နောက်တစ်ကြိမ် အကြမ်းဖက် တိုက်ခိုက်ရန် အာဆာအဖွဲ့ လူစုနေဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ ပြောကြား
Published 11 June 2018

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) သည် မြန်မာနိုင်ငံ၏ အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့တင်ရန် ကြိုးစားနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် သတိပြုရမည်ဖြစ်ပြီး အာဆာအကြမ်းဖက် အဖွဲ့ကလည်း ရခိုင်ပြည်နယ်တွင် နောက်တစ်ကြိမ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် လူစုနေသည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က စီစဉ်သော “ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ စံနှုန်းများနှင့် အမျိုးသား လုံခြုံရေးအမြင် ဆွေးနွေးပွဲ" ကို ဇွန် ၉ ရက်၌ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံရှိ Hotel Yangon တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဒေါက်တာနိုင်ဆွေးဦးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ခုကတော့ AI အဖွဲ့ရဲ့ အစီရင်ခံစာပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကျွန်တော်တို့ ဒီအစီရင်ခံစာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဒါကို ကြိုဆိုတယ် ဆိုပြီးတော့ ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ဒီ AI အဖွဲ့ဟာ ကျွန်တော်တို့ တခြားမိတ်ဖက် အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့အရေးကို ICC ကိုတင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ဆိုတာ ကျွန်တော်တို့အနေနဲ့ သတိပြုမိဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်က ဘင်္ဂါလီရွာများကို မီးရှို့ခဲ့သည်ဆိုသော ဂြိုဟ်တုဓာတ်ပုံများ၊ ဘင်္ဂါလီများ၏ မြေနေရာများပေါ်တွင် တပ်မတော်က တပ်စခန်းများ အခိုင်အမာ ဆောက်နေသည်ဆိုသော သတင်းဓာတ်ပုံ အစီရင်ခံစာများကို AI အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

“ဘင်္ဂါလီတွေ အတင်းအကျပ် ရွှေ့ပြောင်းခံရခြင်း ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC လမ်းကြောင်းပေါ်ကို တင်ဖို့ကြိုးစားနေတဲ့ ဒီအချိန်မှာ အာဆာအဖွဲ့က ဟိန္ဒူတွေကို သတ်တယ်ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဟာလည်း သံသယဖြစ်ဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ AI အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်ကို ယခင်ကတည်းက သိရှိပြီး ဖြစ်ပါတယ်။ အခုအချိန်မှ အချိန်ကိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်တဲ့အတွက် ဒါသံသယ ဖြစ်စရာပါ” ဟု ၎င်းကရှင်းလင်း ပြောပြသည်။

ယခင်က ဖြစ်ပွားခဲ့သည့် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် အာဆာအဖွဲ့အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ မပြုလုပ်မီ လူအင်အား ကြိုတင်စုဆောင်းမှုများ ပြုလုပ်လေ့ရှိပြီး ထိုသို့ လူအင်အား ကြိုတင်စုဆောင်းရာတွင် မော်လဝီဆရာများကို အသုံးချခဲ့ကာ ယခုအခါတွင်လည်း အာဆာအဖွဲ့အနေဖြင့် ကော့ဘဇားရှိ ဒုက္ခသည်စခန်း ၁၂ ခုသို့ စိမ့်ဝင်ကာ အဝေးရောက် အာဆာအဖွဲ့ ဖွဲ့စည်းရန် ကြံစည်နေသည်ဟု ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

“အခုလည်း သူတို့က အဝေးရောက် အာဆာကို ဖွဲ့စည်းမယ်ဆိုပြီး အဖွဲ့တစ်ဖွဲ့ကို လူငါးယောက်နှုန်း ပါဝင်ပြီးတော့မှ ဒုက္ခသည်စခန်း ၁၂ ခုမှာ နေထိုင်တဲ့ ရွာပေါင်းလေးဆယ်ကနေပြီးမှ တစ်ရွာကို လူအင်အား တစ်ရာကနေ နှစ်ရာအထိ စည်းရုံးလုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ သိရပါတယ်။ လက်ရှိမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့အတွက် အချိန်စောင့်ဆိုင်းနေတယ်လို့ပဲ သုံးသပ်မိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံနှင့် လူဦးရေ ပေါက်ဖွားမှုနှုန်း မြင့်မားသည့် နိုင်ငံတစ်ခု၏ အကြားတွင် ဖြစ်တည်နေပြီး တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ် အောင်မြင်ပါက ရခိုင်ဒေသသည် အရေးပါသည့် ဒေသတစ်ခု ဖြစ်လာမည် ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များကို ရှုမြင်ရာတွင် မဟာဗျူဟာ အမြင်များဖြင့် ရှုမြင်ကြရန် လိုအပ်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

Most Read

Most Recent