တရားမဝင်ရွှေတူးဖော်မှုကြောင့် ဟုမ္မလင်းမြို့နယ် ဥရုမြစ်၏ ချောင်းလက်တက်အားလုံး ပျက်စီးနေပြီး ဒေသခံများ ရေရှားပါးမှုနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရ

တရားမဝင်ရွှေတူးဖော်မှုကြောင့် ဟုမ္မလင်းမြို့နယ် ဥရုမြစ်၏ ချောင်းလက်တက်အားလုံး ပျက်စီးနေပြီး ဒေသခံများ ရေရှားပါးမှုနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရ
Published 11 June 2018

ဥရုမြစ်၏ အဓိကချောင်းလက်တက်ဖြစ်သော ချောင်းကြီးချောင်းအတွင်း တရားမဝင် ရွှေတူးဖော်သည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုမြစ်၏ ချောင်းလက်တက်များအားလုံး တရားမဝင် ရွှေတူးဖော်မှုကြောင့် ပျက်စီးနေပြီး နောက်ဆက်တွဲ အနေဖြင့် ဒေသခံများမှာ ရေရှားပါးမှုနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဥရုမြစ်၏ ချောင်းလက်တက်များဖြစ်သော ချောင်းကြီးချောင်း၊ နန်ထိန်ကွန်းချောင်း၊ နားမော်ချောင်းနှင့် နန်စံကားချောင်း အစရှိသည့် ချောင်းများအတွင်းနှင့် ချင်းတွင်းမြစ်အတွင်း စီးဝင်သည့် နတ်နန်းချောင်းအတွင်း တရားမဝင် ရွှေတူးဖော်မှု များစွာရှိနေပြီး စွန့်ပစ်မြေစာများနှင့် ရေဆိုးများကြောင့် အဆိုပါ ချောင်းများအတွင်း ရေစီးဆင်းမှုပျက်စီးကာ ရေဘေးကဲ့သို့ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခံစားနေရပြီး လယ်မြေပျက်စီးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။

“အဲဒီဒေသတွေက ဥရုမြစ်ရဲ့ ချောင်းလက်တက်တွေဖြစ်သလို ဒေသအတွင်း အားထားမှီခိုနေရတဲ့ ချောင်းတွေလည်း ဖြစ်တယ်။ ဒေသခံတွေက အဲဒါကိုမှီခိုပြီး စိုက်ပျိုးတယ်။ လယ်ယာလုပ်ကိုင်တယ်။ အခုကျတော့ အဲဒီချောင်းတွေထဲမှာ ချောင်းထဲအထိဆင်းပြီး တရားမဝင် ရွှေတူးကြတယ်။ စွန့်ပစ်ရေဆိုးတွေ၊ မြေစာတွေကို ချောင်းထဲမှာပဲ စည်းကမ်းမဲ့ စွန့်ပစ်တယ်။ အဲဒီလိုလုပ်တော့ ချောင်းရဲ့ရေလမ်းကြောင်းတွေ ပိတ်ကုန်တယ်။ ရေက ဆက်မစီးနိုင်တော့ဘူး။ တချို့နေရာတွေမှာ ရေတွေအိုင်နေပြီး၊ ဘေးနားမှာရှိတဲ့ လယ်မြေတွေထဲ ရေတွေဝင်ပြီး လယ်တွေပျက်တယ်။ တချို့လယ်တွေအပေါ် စွန့်ပစ်မြေစာတွေဖုံးလို့ ပျက်ကုန်တယ်။ နောက်တစ်ခုက အရင်တုန်းက သောက်ရေသုံးရေ အသုံးပြုခဲ့ကြတဲ့ ချောင်းရေတွေက အခုဆို မသန့်ရှင်းတော့ဘူး။ သုံးလို့မရတော့ဘူး။ ရေအရင်းအမြစ်တွေ ထိခိုက်ပျက်စီးတော့ နွေရာသီမှာ ရေနည်းလာသလို မိုးရာသီ မိုးအရမ်းများလို့ ရေကြီးတဲ့ အခါလည်း ရေဘေးကြုံတွေ့ရတယ်။ ပြီးခဲ့တဲ့ မေလကုန်မှာဆိုရင် မိုးအရမ်းများလို့  ချောင်းကြီးချောင်း ရေကြီးပြီး အနီးက ရွာတွေ ရေဝင်တယ်။ အိမ်တွေရေမြုပ်တယ်။ နောက်ပြီး လူသေတယ်လို့လည်း ကြားတယ်။ အရင်က ဒီလိုမျိုးတွေမဖြစ်ဘူး။ အခုဒီလိုတွေ ဖြစ်လာပြီ။ ဒါကြောင့် ဒါတွေကို အမြန်ဆုံး ထိထိရောက်ရောက် တားဆီးသင့်နေပြီ။ တားဆီးနိုင်အောင်လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားဆောင်ရွက်နေတယ်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ချောင်းများအတွင်း တရားမဝင် ရွှေတူးဖော်မှုများကြောင့် ချောင်းများ ပျက်စီးနေခဲ့သည်မှာ နှစ်အတန်ငယ် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“အရင်ကတော့ ချောင်းဘေးမှာပဲ လုပ်ရာကနေ အခုဆိုချောင်းထဲမှာ ဆင်းလုပ်ကုန်ကြပြီ။ မျောမြီး (ရွှေတူးဖော်ရာမှ စွန့်ပစ်သောမြေစာ)တွေကိုလည်း ချောင်းထဲမှာပဲ ပစ်တော့ ချောင်းတွေအကုန်ပျက်စီးသွားပြီ။ အခု ဆိုဒီဘက်ဒေသက ချောင်းတွေအကုန်လုံး နီးပါးပျက်စီးနေတာတော်တော်ကြာပြီ။ ဒီ ဒေသမှာ အရင်က ချောင်းရေကိုပဲ သောက်ကြသုံးကြတယ်။ အခုတော့ သောက်ဖို့မပြောနဲ့ ချိုးရေတောင် မသုံးကြတော့ဘူး။ ရွာတွေမှာ ကိုယ်ပိုင်ရေတွင်း၊ အဝီစိတွင်းတူးပြီးတော့ပဲ သုံးရတယ်။ မိုးရာသီရေကြီးပြီဆိုလည်း ချောင်းနံဘေးတွေ အကုန်ရေလျှံပြီး ရွာတွေထဲအထိ ရေဝင်ရေမြုပ်တာ နှစ်တိုင်းလိုဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဥရုမြစ်၏ ချောင်းလက်တက်များအတွင်း တရားမဝင်ရွှေတူးဖော်မှုများ လုံးဝမရှိစေရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိကို ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် က ပြည်သူ့လွှတ်တော်တွင် တင်ပြမေးမြန်း ခဲ့ရာ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တရားမဝင် ရွှေတူးဖော်မှု မပြုလုပ်စေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင်‌့ ထိန်းသိမ်း ၍မရပါက သက်ဆိုင်ရာဌာနများသို့ သတင်း ပို့ကြရန် ညွှန်ကြားခြင်း၊ တရားမဝင်ရွှေတူး ဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အခြေအနေများ၊ တရားမဝင် ရွှေတူး ဖော်ပါက အရေးယူခံနိုင်သည်‌့ မြန်မာ့သတ္တု တွင်း ဥပဒေနှင့် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည်‌့ ဥပဒေတို့ကို ပြဋ္ဌာန်းထားရှိ သည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း ဒေသခံ ပြည်သူများ နားလည်သဘောပေါက်အောင် အသိပညာပေး စည်းရုံးဟောပြောခြင်းများကို တိုးမြှင်‌့ဆောင်ရွက် လျက်ရှိကြောင်း၊ တရားမဝင် ဓာတ်သတ္တုထုတ်လုပ်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး ထိရောက် သောပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် မြန်မာ့ သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃၀ (က) တွင် ထောင်ဒဏ် ခုနစ်အစား ၁၀ နှစ်၊ ငွေဒဏ် ၅၀၀၀၀ အစား သိန်း ၅၀ အထိလည်းကောင်း၊ ပုဒ်မ ၃၀ (ခ)တွင် အ နည်းဆုံး ထောင်ဒဏ်တစ်လမှ အများဆုံး ထောင်ဒဏ်သုံးလအထိ ငွေဒဏ်တစ်သိန်း အထိလည်းကောင်း၊ ပုဒ်မ ၃၁ တွင် ငွေဒဏ် ၂၀၀၀၀ အစား ကျပ်သိန်း ၂၀ အထိလည်း ကောင်း၊ ပုဒ်မ ၃၂ တွင် ငွေဒဏ် ၁၀၀၀၀ အစား ကျပ် ၁၀ သိန်းထိလည်းကောင်း၊ ပုဒ်မ ၃၃ တွင် ငွေဒဏ်  ၅၀၀၀၀ အစား ငါးသိန်းအထိ ထောင်ဒဏ်နှင့် ငွေဒဏ်များကို တိုးမြှင့်ပြင်ဆင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တရားမဝင် ရွှေတူးဖော်မှု မရှိစေရေးအတွက် မြန်မာ့သတ္တုတွင်း နည်းဥပဒေနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ကွက် စိစစ်ချထားရေးအဖွဲ့မှ ရွှေလုပ်ကွက်များနှင့် စပ်လျဉ်းပြီး စိစစ်ဆောင်ရွက်လျက် ရှိကြောင်းနှင်‌့ တရားမဝင် ရွှေတူးဖော်နေသူများကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent