ရေစကြိုမြို့နယ် ဗလဗကျေးရွာအနီး မြစ်ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာသည့်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၁၀ လုံးခန့် အရေးပေါ် ရွှေ့ပြောင်းနေရပြီး ဌာနဆိုင်ရာများ၊ အနီးကျေးရွာများပါ ကူညီနေရ

ရေစကြိုမြို့နယ် ဗလဗကျေးရွာအနီး မြစ်ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာသည့်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၁၀ လုံးခန့် အရေးပေါ် ရွှေ့ပြောင်းနေရပြီး ဌာနဆိုင်ရာများ၊ အနီးကျေးရွာများပါ ကူညီနေရ
Published 11 June 2018

ကမ်းပြိုမှုကြောင့် ကမ်းပါးနှင့် နီးကပ်နေသည့် နေအိမ်တစ်အိမ်ကို သက်ဆိုင်ရာက ကူညီရွှေ့ပြောင်းပေးနေစဉ်

ရေစကြိုမြို့နယ် ဗလဗကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှု ခုဇွန်လဒုတိယပတ်တွင် ပိုမိုဆိုးဝါး လာသည့်အတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၁၀ လုံးခန့် အရေးပေါ် ရွှေ့ပြောင်းမှု ပြုလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ကမ်းပါးနှင့် အလှမ်းကွားဝေးသည့် ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ယခုအခါ ကမ်းပါးနှင့် ပေ ၂၀ ခန့်သာ ကွာဝေးတော့သည့်အတွက် ဇွန် ၉ ရက် ညနေပိုင်း မှစ၍ အရေးပေါ်လူစုဝေးပြီး ပင်မကျောင်းဆောင်၊ သိမ်ကျောင်းဆောင်များပါ ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဗလဗကျေးရွာအနီး ကမ်းပြိုမှု သက်သာစေရန် တပ်ဆင်ထားသည့် ရေစီးအရှိန်တန့် စတီးကေဗယ်ပိုက်တန်းများမှာ မေလကုန်ပိုင်း မြစ်ရေစတင် မြင့်တက်ချိန်တွင် ရေစီးဖြင့် မျောပါပျက်စီးပြီးနောက် ကမ်းပြိုမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။

“စတီးကေဗယ်ပိုက်တွေ တစ်ချောင်းပြီး တစ်ချောင်း ပြတ်ထွက်တာကနေ ရေစီးက ကမ်းအခြေကနေ ကပ်စီးပြီး ပြိုလာတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ အိမ် ၁၀ လုံးကျော် ဖျက်သွားပြီ။ မနက်ဖြန်ဆိုရင် နောက်ထပ် လေးလုံးလောက် ဖျက်ဦးမယ်။ ဘုန်းကြီးကျောင်းကြီးနဲ့ ကမ်းနဲ့ကပ်နေတော့ ဖျက်နေရပြီ။ သိမ်ကျောင်းလည်း ဖျက်နေရပြီ။ စက်ကျောင်းလည်း ဖျက်နေပြီ။ ရာသီဥတုကလည်း မိုးတွေ မတအား ရွာနေတော့ မိုးရွာထဲမှာပဲ ဝမ်းနည်းစွာနဲ့ ဖျက်ပြောင်းနေရပါတယ်” ဟု ဗလဗကျေးရွာမှ ဦးအေးမောင်ထွန်းက ပြောကြားသည်။

မြစ်ရေစီးနှင့် မျောပါပျက်စီးသွားသည့် စတီးကေဗယ် ပိုက်တန်းများအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တပ်ဆင်ပေးခြင်းဖြစ်ပြီး ဒေသခံများမှ ရပ်ရွာလုပ်အားဖြင့် သဲအိတ်သစ်ကိုင်းများဖြင့် ကမ်းပါးအား ကာရံခြင်းများ ပြုလုပ်ခဲ့သော်လည်း ကမ်းပြိုမှုမှာ ဆက်လက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းရမှုများနှင့် ပက်သက်၍ “တစ်ရွာလုံး ဝိုင်းကူဖျက်နေရတာပဲ။ တစ်ချို့လည်း နေစရာ မရသေးတော့ အသိအိမ် အမျိုးအိမ်မှာ ကပ်နေရတယ်။ တချို့လည်း ကိုယ်ပိုင်တဲ့ယာထဲ မြေထဲမှာ အိမ်အစိပ်အပိုင်းတွေ ပုံထာပြီး တဲထိုးနေကြရတယ်။ အခုမှ ရေတက်ကာလ အစဆိုတော့ စိုးရိမ်ရပါတယ်။ တတ်နိုင်သမျှ ကမ်းပြိုကာကွယ်ရေး လုပ်ခဲ့ပါတယ်။ ဘယ်လိုမှ မရပါဘူး” ဟု ဗလဗကျေးရွာမှ ကိုနီလုံးက ပြောကြားသည်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဗလဗကျေးရွာမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကျ ကာလတွင် နေအိမ် ၆၈ လုံး ရွှေ့ပြောင်းထားရပြီး စိုက်ပျိုးမြေ အားလုံးနီးပါး ရေတိုက်စားခံရသည့်အတွက် အလုပ်အကိုင် အခက်အခဲများ ကြုံတွေ့နေရသည်။

ဘုန်းတော်ကြီးကျောင်း၊ သိမ်ကျောင်းများနှင့် လူနေအိမ်များ ဖျက်သိမ်းရွှေ့ပြောင်း နေရသကဲ့သို့ ရှေးအစဉ်အဆက် တည်ထားကိုးကွယ်ခဲ့သည့် စေတီမှာလည်း ကမ်းပါးနှင့် ပေ ၃၀ ခန့်သာ ကွာဝေးတော့သည့် အတွက် အဆိုပါစေတီ မြစ်အတွင်း ပြိုကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ကမ်းပြိုမှုဆိုးဝါးစွာ ဖြစ်ပေါ်နေသည့်အတွက် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ အရေးပေါ် ရွှေ့ပြောင်းခြင်းအား နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် အနီးနားကျေးရွာများက ဒေသခံများပါ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဆက်လက်ဖြစ်ပေါ်နေမည့် မြစ်ရေတက်ကာလနှင့် ရေကျကာလများတွင် ကမ်းပြိုမှု ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိပါက နေအိမ်အများအပြား ဆက်လက်ရွှေ့ပြောင်းရနိုင်ပြီး ဗလဗကျေးရွာအနီး ကွေ့ထောင့်ကျေးရွာမှာလည်း ကမ်းပြိုမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Most Read

Most Recent