မြဝတီကုန်သွယ်ရေးဇုန်အနီး ရွှေမြစန္ဒီမြို့သစ်စီမံကိန်း အကြောင်းပြု သိမ်းယူခဲ့သော မြေနေရာများ ပြန်လည်ရရှိရေး မူလပိုင်ရှင်ဟု ဆိုသူများ ဆန္ဒဖော်ထုတ်

မြဝတီကုန်သွယ်ရေးဇုန်အနီး ရွှေမြစန္ဒီမြို့သစ်စီမံကိန်း အကြောင်းပြု သိမ်းယူခဲ့သော မြေနေရာများ ပြန်လည်ရရှိရေး မူလပိုင်ရှင်ဟု ဆိုသူများ ဆန္ဒဖော်ထုတ်
Published 11 June 2018

ရွှေမြစန္ဒီမြို့သစ်စီမံကိန်း အကြောင်းပြု သိမ်းယူခဲ့သော မြေနေရာ ပြန်လည်ရရှိရေး မူလပိုင်ရှင်ဟု ဆိုသူများက ဆန္ဒထုတ်ဖော်စဉ်

ကရင်ပြည်နယ် မြဝတီကုန်သွယ်ရေးဇုန် အနီးတွင် ရွှေမြစန္ဒီမြို့သစ်စီမံကိန်းကို အကြောင်းပြုပြီး သိမ်းယူခဲ့သော အတွင်းမဲက နယ်ရွာဟောင်း စိုက်ပျိုးမြေနေရာအား ပြန်လည်ရရှိရေးအတွက် မူလပိုင်ရှင်ဟုဆိုသူ အတွင်းမဲကနယ်ရွာသား ၃၀၀ ခန့်က ဇွန် ၁၀ ရက်နံနက် ၉ နာရီခန့်က တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြဝတီမြို့နှင့် ၅ မိုင်ခန့်အကွာ ကုန်သွယ်ရေးဇုန်တောင်ဘက်ရှိ အတွင်းမဲကနယ်ကျေး ရွာသားများ၏ ဘိုးဘွားပိုင် ယခင်ရွာဟောင်း မြေ ၃၁၇ ဒသမ ၇၁ ဧကအား ဒီကေဘီအေမှ ဗိုလ်ကြီးညီညီဆိုသူက ၂၀၁၃ ခုနှစ်က လက်နက်အားကိုးဖြင့် သိမ်းယူကာ မြေကွက်ရိုက် ရောင်းစားခဲ့ကြောင်း ဆန္ဒပြ ရွာသူရွာသားများက ပြောကြားသည်။

ရွာဟောင်း လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်သူများသည် “မတရား သိမ်းဆည်းထားသော စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး၊ မြစန္ဒီ မြို့သစ်စီမံကိန်း အကြောင်းပြု၍ မြေသိမ်းယူခဲ့သော DKBA မှ ဗိုလ်ညီညီ အလိုမရှိ၊ သိမ်းဆည်းခံမြေများအား ပြန်လည်ရရှိအောင် သက်ဆိုင်ရာမှ အမြန်ဆောင်ရွက်ပေးရေး စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ကြပြီး ရွှေမြစန္ဒီမြို့သစ်၊ သစ်လွင်လမ်းထိပ်မှ ဦးစောလားဘွယ်လမ်းအတိုင်း စီတန်းလှည့်လည်ကြကာ ‘သဗ္ဗသုခ’ တပ်ဦးစေတီတော်အထိ ချီတက်ဆန္ဒပြခဲ့ကြ သည်။

“ကျွန်မတို့ ရွာသားတွေအားလုံးရဲ့ မြေဧကပေါင်း ၃၁၇ ဒသမ ၇၁ ဧကကို DKBA တပ်ဖွဲ့က ဗိုလ်ညီညီက ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ ရွှေမြဝတီမြို့သစ် တည်ဆောက်ရေး စီမံကိန်းဆိုပြီး သိမ်းယူခဲ့ပါတယ်။ သူတို့လုပ်တဲ့ မြို့သစ်စီမံကိန်း ဆိုတာကိုလည်း ကရင်ပြည်နယ် အစိုးရအဖွဲ့ကလည်း ခွင့်မပြုခဲ့ပါဘူး။ သူတို့သိမ်းလိုက်တဲ့ စိုက်ပျိုးမြေတွေက အရင်တုန်းက၊ KNU တပ်မဟာ ၆ စစ်ကြောင်းမှူး ဗိုလ်မှူးလှမင်းတို့ လှုပ်ရှားစခန်းချပြီး အခြေစိုက်တဲ့ နယ်မြေတွေပေါ့။ ဗိုလ်မှူးလှမင်းက မရှိဆင်းရဲသားတွေကို စိုက်ပျိုးစားသောက်ဖို့ ၂၀၁၂ ခုနှစ်မှာ အသိအမှတ် ပြုပေးခဲ့ပြီး ပဲ၊ ပြောင်းနဲ့ ရော်ဘာပင်တွေ စိုက်ပျိုးစားသောက် ခဲ့ကြပါတယ်။ ဒါကို ၂၀၁၃ ခုနှစ်မှာ ဗိုလ်ညီညီက အနိုင်ကျင့် မတရားသိမ်းယူပြီး အကွက်တွေရိုက် ရောင်းစားခဲ့ပါတယ်” ဟု မဲကနယ် ရွာသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မဲကနယ်ရွာဟောင်း စိုက်ပျိုးမြေသိမ်းယူခံရသည့် ကိစ္စအား ကျေးရွာသားများက ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာန အသီးသီးထံသို့ တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ကွင်းဆင်းကြည့်ရှုပြီး ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က “ပြည်နယ်အစိုးရ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသူတွေ များများရင်းနှီးထားရင် များများဆုံးရှုံးမယ်” ဟု ပြောကြားခဲ့သော်လည်း သက်ဆိုင်ရာမှ ယနေ့အချိန်အထိ ထိရောက်စွာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မတရားသိမ်းယူ ခံထားရသော စိုက်ပျိုးမြေများ ပြန်လည်ရရှိဖို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု အတွင်းမဲကနယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ထူးထူးက ပြောကြားသည်။

“ယခင်က ဒေသတွင်းမှာ မငြိမ်းချမ်းဘူး၊ တို့ပွဲတွေ ဖြစ်နေတယ်။ ဒါပေမဲ့ ရွာသားတွေက ကိုယ့်ဘိုးဘွားပိုင်မြေမှာ စိတ်ချမ်းမြေ့စွာနဲ့ပဲ လုပ်ကိုင်စားသောက်လို့ရတယ်။ ခု NCA ထိုးတယ်။ ငြိမ်းချမ်းရေးရမှဘဲ တစ်ရက်မှ စိတ်မချမ်းသာရဘူး” ဟု ၎င်းကဆိုသည်။ ထို့အတူ ဆန္ဒထုတ်ဖော်ထုတ်ရာတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဦးသောင်းလှိုင်က “ကျွန်တော်တို့ မရှိနွမ်းပါးသူတွေကို သက်သက်အနိုင်ကျင့်တာပါ။ DKBA တပ်ဖွဲ့က သိမ်းတာဖြစ်လို့ DKBA စစ်ဦးစီးချုပ်ထံ တင်ပြတိုင်ကြားခဲ့ပေမဲ့ ဘာမှတာဝန်ယူ ဖြေရှင်းပေးတာ မရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ယခုအချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာပါ” ဟု ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်သူရည်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်ညီနောင်မှ စခန်းမှူး ရဲအုပ်နိုင်ဝင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက် ပေးခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent