ပိတ်သိမ်းခံရသော မိုးထိမိုးမိ ရွှေလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး အမျိုးသား တိုးတက်ကြီးပွားရေး ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ လုပ်သား ၃၀၀ ကျော် မိုးထိမိုးမိရွှေမိုင်းမြို့တွင် ဆန္ဒထုတ်ဖော်

ပိတ်သိမ်းခံရသော မိုးထိမိုးမိ ရွှေလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး အမျိုးသား တိုးတက်ကြီးပွားရေး ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ လုပ်သား ၃၀၀ ကျော် မိုးထိမိုးမိရွှေမိုင်းမြို့တွင် ဆန္ဒထုတ်ဖော်
Published 11 June 2018

ပိတ်သိမ်းခံရသော မိုးထိမိုးမိ ရွှေလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး လုပ်သား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်စဉ်

NLD အစိုးရသစ်လက်ထက်တွင် အစိုးရကို ပေးသွင်းရမည့်ရွှေများ ကြေးကျန်မှုကြောင့် လုပ်ပိုင်ခွင့် ရုပ်သိမ်းခံရသော မိုးထိမိုးမိ ရွှေလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးအတွက် အမျိုးသား တိုးတက်ကြီးပွားရေး ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများမှ လုပ်သားသုံးရာကျော် မိုးထိမိုးမိ ရွှေမိုင်းမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ရွှေတူးဖော်ခွင့် ပြန်လည်မရမချင်း ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေမိုင်းမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အမျိုးသား တိုးတက်ကြီးပွားရေးကုမ္ပဏီ၊ ဦးဆောင်ညွှန်ကြားရေးမှူး (MD) ဦးထွန်းအောင်စိုးက  ယခုလို ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဆန္ဒထုတ်ဖော်ရတာက အမှတ် (၂) သတ္တုလုပ်ငန်းက ကျွန်တော်တို့ ရွှေကြေးကျန်တွေ မပေးသွင်းလို့ လုပ်ငန်းပိတ်သိမ်းတယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီလုပ်ကွက်ကြီး ရဖို့အတွက် လေလံကြေး အမြင့်ဆုံးပေးပြီး ဆွဲထားခဲ့တာ ဖြစ်ပါတယ်။ ၁၆.၉. ၂၀၁၁ မှာ လေလံဆွဲတဲ့ ပြည်တွင်းကုမ္ပဏီ ပေါင်း ၁၈ ခုရှိတဲ့ အထဲကနေ ကျွန်တော်တို့ ကုမ္ပဏီက ရွှေတန်ချိန် ၅ ဒသမ ၅၇၇ တန်ပေးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလေလံကြေး ပေးရခြင်းကလည်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက လေလံမှာ ဖော်ပြခဲ့တဲ့အချက်ကို ကြည့်ပြီးပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့က ရွှေပါတဲ့မြေသား တစ်တန်မှာ ရွှေနှစ်ကျပ်ခွဲသားပါတယ်လို့ ဖော်ပြထားပေမယ့် တကယ်တမ်း တူးဖော်ကြည့်တဲ့အခါမှာ ရွှေပါတဲ့ မြေသားတစ်တန်မှာ ရွှေငါးမူးသားပဲ ရရှိပါတယ်။ အဲဒီလို ကွာဟနေတဲ့အတွက် စာချုပ်ပြင်ပေးဖို့ တင်ပြခဲ့ပါတယ်။ အခုဆိုရင် ကုမ္ပဏီအနေနဲ့ တစ်ရက်ကို တန် ၁၅၀၀ လောက် ကြိတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ အကုန်လည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ မိုင်းအနေနဲ့လည်း တစ်နေ့ကို တန် ၁၀၀၀ ထွက်အောင် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အဲဒီလို အပြည့်အစုံ ပြင်ဆင်ထားပြီး တကယ်ထုတ်တော့မယ်ဆိုမှ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းကနေ စာချုပ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေကြေးကျန်တဲ့ အဓိက အကြောင်းရင်းကတော့ လေလံမှာ ဖော်ပြထားတဲ့အတိုင်း ရွှေပါဝင်မှု မပြည့်ဝလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတော်ကို ရွှေ ၅ ဒသမ ၅၇ တန် ပေးသွင်းရမယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခြင်း မရှိပါဘူး။ ကျွန်တော်တို့ကို အချိန်ပို တိုးပေးဖို့ပဲ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ၁၃.၇.၂၀၁၇ မှာ ထုတ်လုပ်မှုရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို သွင်းပြီးတော့ ကျန်တဲ့ ၁၅ ပိဿာကို ကြေးဆပ်ဖို့ဆိုပြီး အစည်းအဝေး ဆုံးဖြတ်ချက်၊ ဝန်ကြီးလမ်းညွှန်ချက်နဲ့ ပေးထားတာ ရှိပါတယ်။ ဒီအမိန့်ကိုလည်း ခုထက်ထိ ပြင်ထားတာ မရှိသေးပါဘူး။ အဲဒီအမိန့်အတိုင်းဆိုရင် ကျွန်တော်တို့လုပ်ငန်းကြီး မရပ်ခင်အထိ ကျွန်တော်တို့ပေးရန် အကြွေးက ၁၅ ပိဿာပဲ ရှိပါသေးတယ်။ ကျန်တာတွေကတော့ သူတို့ စာချုပ်ထဲကအတိုင်း တောင်းဆိုနေတာပဲ ရှိပါတယ်။ ရွှေကြေးကျန်တယ် ပြောနေတာက အမှတ် (၂) သတ္တုဝန်ကြီးနဲ့ ကျွန်တော်တို့ အကြားမှာ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ပိတ်သိမ်းခံရတာ ရက် ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ လုပ်ငန်းရပ်နားနေစဉ် ကာလအတွင်း ဝန်ထမ်း ၅၀၀၀ ရဲ့ စရိတ်တွေ၊ စက်ပစ္စည်း ထိန်းသိမ်းမှုစရိတ်၊ အခြားသော စရိတ်စကတွေက တစ်ရက်ကို သိန်း ၅၇၅ သိန်း ကုန်ကျတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ မိတ်ဖက်ကုမ္ပဏီတွေ ဒီမှာရင်းနှီးမြှုပ်နှံထားရတာ ဘီလျံ ၁၀၀ ရှိပါတယ်။ အခု ရပ်ထားရတဲ့ သုံးလကျော်အတွင်းမှာ ဒါတွေကို ထိန်းသိမ်းဖို့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဝန်ကြီးကို တွေ့ဆုံခွင့် တောင်းဆိုပေမဲ့ အခုထက်ထိ တွေ့ဆုံခွင့်၊ ညှိနှိုင်းခွင့် မရသေးပါဘူး။ ဒီလုပ်ငန်းကြီး အမြန်ဆုံးပြန်လည် လုပ်ကိုင်ခွင့်ရရှိဖို့ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖော်ထုတ်နေတာ ဖြစ်ပါတယ်။ ဒီမှာ ခုနစ်ရက် ဆန္ဒဖော်ထုတ်ပါမယ်။ ဆောင်ရွက်ခွင့်မရဘူးဆိုရင် နေပြည်တော်တို့၊ နိုင်ငံတော်အတိုင်ပင်ခံတို့ထိ သွားရောက်တင်ပြပါမယ်။ အဲဒီတွေထိ သွားရောက် ဆန္ဒဖော်ထုတ်ဖို့ ကျွန်တော်တု့ိ စီစဉ်ထားပါတယ်” ဟု ဦးထွန်းအောင်စိုးက ပြောကြားသည်။

ရွှေတူးဖော်ရေး လုပ်ငန်းများ ပိတ်သိမ်းထားသည့်အတွက် မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးအများအပြား ဆုံးရှုံးကာ လုပ်သား ၄၈ ဦးကိုလည်း ထိန်းထားနိုင်ခြင်း မရှိတော့သည့်အတွက် မိတ်ဆွေများထံမှ ပိုက်ဆံချေးကာ လုပ်သားများကို လမ်းစရိတ်ပေးပြီး ပြန်လွှတ်လိုက်ရကြောင်း၊ လက်ရှိ မိတ်ဖက်အနေဖြင့် တူးဖော်နေသည့် မိမိ၏ Adit (လှိုက်ခေါင်းဖောက်ကာ တူးဖော်ရသည့် ရွှေတွင်း) မှာ ယခုမိုးရာသီတွင် ပြိုကျသွားသော်လည်း ပြန်လည်ပြင်ဆင်နိုင်စွမ်း မရှိသဖြင့် ငုတ်တုတ်ထိုင်ကြည့် နေရကြောင်း      မိတ်ဖက်ကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်သူ ဦးခင်ဇော်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သည့် ရွှေတွင်းလုပ်သားများသည် ဘက်ညီမျှတသော စာချုပ်အသစ်ဖြင့် ပြန်လည်ချုပ်ဆို လုပ်ကိုင်နိုင်ရေး၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရှုံးစေရေး၊ ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပျက်စီးရေး၊ လုပ်ငန်းများ အမြန်ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေး စသည့်စာသားများ ကိုင်ဆောင်ထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ရွှေမိုင်းမြို့၊ နဂါးရုံဘုရားတွင် စတင်စုဝေးကာ မိုးထိမိုးမိရွှေမိုင်း ဂိတ် (၁) ထိ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent