ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုကြုံပါက တိုင်ကြားနိုင်ရန် ငွေပေးချေမှုပြေစာ အထောက်အထားများ ရယူသိမ်းဆည်းထားရန် စားသုံးသူရေးရာဦးစီးဌာန အသိပေး

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုကြုံပါက တိုင်ကြားနိုင်ရန် ငွေပေးချေမှုပြေစာ အထောက်အထားများ ရယူသိမ်းဆည်းထားရန် စားသုံးသူရေးရာဦးစီးဌာန အသိပေး
Published 10 June 2018

ဈေးဝယ်စင်တာတစ်ခုရှိ အရောင်းကောင်တာများကို တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုများကြုံပါက တိုင်ကြားနိုင်ရန် ငွေပေးချေမှု ပြေစာအထောက်အထားများ ရယူသိမ်းဆည်းထားရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရုပ်သံလိုင်းဝန်ဆောင်မှု လုပ်ငန်းများနှင့် ရောင်းချပြီးပစ္စည်းအပေါ် အာမခံချက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် တိုင်ကြားမှု ယခင်ထက်ပိုများလာကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားသည့်အမှုများအနက် စားသောက်ကုန်များ၏ အရည်အသွေးပိုင်းနှင့် ပတ်သက်သော အမှုများ သာမက အခြားဝန်ဆောင်မှုအပိုင်းနှင့် ပတ်သက်သော တိုင်ကြားမှုများပါ မြင့်တက်လာကြောင်းနှင့် အဖွဲ့သို့ တိုင်ကြားမှုအခြေအနေအရ ၂၀၁၇ ခုနှစ် အောက်တိုဘာအထိ တိုင်ကြားမှု ၄၅ မှုရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း တိုင်ကြားမှု ၄၆ မှုရှိခဲ့ကြောင်းနှင့် ယခင်က တိုင်ကြားလာသည့်အမှုများအနက် အများစုမှာ စားသောက်ကုန်များ၏ အရည်အသွေးနှင့် ပတ်သက်သော တိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။

“တိုင်ကြားစာတွေအရ အရင်ကတော့ အစားအသောက်တွေပဲ များတယ်။ ဘာလို့လဲဆိုတော့ စားသုံးသူကာကွယ်ရေးဆိုတော့လည်း အစားအသောက်ကိုပဲ ပြေးမြင်ကြလို့ပါ။ တကယ်က ကုန်စည်တွေရော၊ ဝန်ဆောင်မှုတွေရော ပါပါတယ်။ အဓိကက မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုကဏ္ဍမှာ လစ်ဟာနေတဲ့အတွက် စားသုံးသူရေးရာဌာနက ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ စားသုံးသူတွေ စိတ်ကျေနပ်မှုမဖြစ်ရင်၊ နစ်နာတယ်ထင်ရင် တိုင်ကြားတာတွေ ဖြေရှင်းပေးတယ်။ ဥပမာ ပစ္စည်းတစ်ခုကို အာမခံပေးတာမျိုးပေါ့။ ရောင်းတုန်းကတော့ ဘယ်လိုဆောင်ရွက်ပေးမယ်၊ ဘာညာပြောပြီး တကယ် လက်တွေ့မှာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာ တိုင်ကြားလို့ရတယ်။ ဥပဒေအရ အရေးယူလို့ရပါတယ်။ အခုနောက်ပိုင်းမှာ ဝန်ဆောင်မှုအပိုင်းတွေကို မကျေနပ်လို့ တိုင်တာတွေ များလာပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။

တိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) များအပြင် လူမှုကွန်ရက်စာမျက်နှာရှိ CICC-Nay Pyi Taw မှတစ်ဆင့်လည်း တိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုနယ်မြေ ၀၆၇၃-၄၃၀၄၆၈၊ ၀၆၇၃-၀၄၃၀၁၄၉၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ၀၁-၂၄၅၀၈၆ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း တိုင်ကြားခဲ့သည့် အမှုများအနက် အရေးယူ ဆောင်ရွက်မှုအနေဖြင့် အရေးယူ ဆောင်ရွက်မှု ၂၃ မှုနှင့် စေ့စပ်ညှိနှိုင်းမှု ၁၄ မှု၊ စုစုပေါင်း ၃၇ ခု လုပ်ဆောင်ခဲ့ကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ကိုက်ညီမှုမရှိသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့ သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။

စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်းပေးရန် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အငြင်းပွားမှုများ ပေါ်ပေါက်လာသောအခါ ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲခံရသော စီးပွားရေးလုပ်ငန်းရှင်ကို ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း၊ အငြင်းပွားမှုကို သိရှိတွေ့မြင်သော ပုဂ္ဂိုလ်များ၊ သက်သေများနှင့် ကျွမ်းကျင်သူများကို ခေါ်ယူမေးမြန်း စစ်ဆေးမည်ဖြစ်ကြောင်း၊ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ၊ အခြားသက်သေခံများကိုလည်း စစ်ဆေးအကဲဖြတ်မည်ဖြစ်ပြီး စားသုံးသူများဘက်မှ ဆုံးရှုံးမှု ရှိ မရှိ စစ်ဆေးဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို ဖောက်ဖျက်ကျူးလွန်သော စီးပွားရေးလုပ်ငန်းရှင်ထံ ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်းနှင့် ဖောက်ဖျက်ကျူးလွန်ပါက စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent