w ရခိုင်အရေးနှင့်ပတ်သက်၍ UNHCR နှင့် ထိုးသည့်စာချုပ်တွင် မည်သည့်အချက်များ ပါဝင်သည်ဆိုသည်ကို ပြည်သူများအား ချပြသင့်ကြောင်းနှင့် UNHCR သည် ကြောက်စရာကောင်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပညာရှင် သတိပေး - Eleven Media Group <

ရခိုင်အရေးနှင့်ပတ်သက်၍ UNHCR နှင့် ထိုးသည့်စာချုပ်တွင် မည်သည့်အချက်များ ပါဝင်သည်ဆိုသည်ကို ပြည်သူများအား ချပြသင့်ကြောင်းနှင့် UNHCR သည် ကြောက်စရာကောင်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပညာရှင် သတိပေး

ရခိုင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)  နှင့် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်တွင် မည်သည့်အချက်များ ပါဝင်သည်ဆိုသည်ကို ပြည်သူလူထုများ အားချပြသင့်ကြောင်းနှင့် နိုင်ငံတကာ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တတ်သည့်အတွက် UNHCR သည် ကြောက်စရာကောင်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပညာရှင် ဒေါက်တာရင်ရင်နွယ်က ပြောကြားသည်။

‘ရခိုင်ပြည်နယ်အရေး-နိုင်ငံတကာစံနှုန်းများနှင့် အမျိုးသားလုံခြုံရေးအမြင် ဆွေးနွေးပွဲ’ ဟူသော ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံရှိ Hotel Yangon တွင် ဇွန် ၉ ရက် မွန်းလွဲပိုင်း၌ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ဒေါက်တာရင်ရင်နွယ်က ထိုသို့သုံးသပ်ပြောကြားခဲ့သည်။

‘‘အစိုးရက UN အဖွဲ့တွေနဲ့ စာချုပ်ထိုး တာ ဘာမှမဆန်းပါဘူး။ UNICEF နဲ့လည်း ထိုးထားတယ်။WHO နဲ့လည်း Country Strategic ထိုးတယ်။ လက်မှတ်ထိုးတယ်။ ဘာတွေဘာတွေ လုပ်မယ်ပေါ့။ ဒီလိုထိုးတာ မဆန်းဘူး။ ဒါပေမဲ့ အရေးကြီးတာက UNHCR နဲ့ ထိုးတဲ့စာချုပ်က ဘာတွေပါသလဲဆိုတာ တိုင်းသူပြည်သားတွေကို ချပြသင့်တယ်။ ရှင်းပြသင့်တယ်လို့ ကျွန်မထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ သိပ်ကြောက်ဖို့ကောင်းတယ်’’ ဟု ဒေါက်တာရင်ရင်နွယ်က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကြုံတွေ့ခဲ့ရသော သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ UNHCR က ၀င်ရောက်စွက်ဖက်ခဲ့မှု၊ ၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အရေးအခင်းတွင် UNHCR ၀င်ရောက်စွက်ဖက်ခဲ့မှုစသည့် အချက်အလက်များအားပြောပြကာ UNHCR သည် ပြည်တွင်းရေးများတွင် ၀င်ရောက်စွက် ဖက်တတ်သည့်အတွက် မည်မျှကြောက်စရာကောင်းသည်ဆိုသည့်အချက်ကို ဒေါက်တာ ရင်ရင်နွယ်က ရှင်းလင်းပြောပြခဲ့သည်။

UNHCR နှင့် လက်တွဲလုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာရှိမှုနှင့် ပတ်သက်၍ ဒေါက်တာရင်ရင်နွယ်က ‘‘ကျွန်မတို့ ဒီစာချုပ်ကို မမြင်ရပေမဲ့ ရှင်းရှင်းပြောရရင် စာချုပ်ကို ပြည်သူလူထုကိုချမပြဘဲ ကျွန်မတို့တိုင်းပြည်နစ်နာမှာကို ကျွန်မ အင်မတန် စိုးရိမ်ပါတယ်’’ ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဘင်္ဂါလီများနှင့်ပတ်သက်၍ ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် နိုင်ငံတကာက ဖိအားပေးသည့်အတွက် အစိုးရအနေဖြင့် ကုလသမဂ္ဂအေဂျင်စီများနှင့်သ ဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးကာ လိုက်လျောခဲ့ရသော်လည်း ကုလသမဂ္ဂကို အစစအရာရာအလျှော့မပေးဘဲ ကိုင်တွယ်ရန် နည်းလမ်းများရှိသည်ဟုလည်း ဒေါက်တာရင်ရင်နွယ်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် လက်ရှိအချိန်တွင် နိုင်ငံတကာက ဖိအားပေးမှုများသည် အစိုးရအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေပြီး နယ်စပ်လုံခြုံ ရေး ကျိုးပေါက်ခဲ့မှုများ၏ အကျိုးဆက်များကို ခံစားနေရခြင်းဖြစ်သည်ဟု သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အခြေအနေများကြောင့် နိုင်ငံတကာအလယ်တွင် အခက်အခဲများ ကြုံတွေ့နေရမှုကို စုပေါင်းအဖြေရှာဖြေရှင်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း အစိုးရ နှင့် တပ်မတော်ခေါင်းဆောင်များ ပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို မည်သည့်အတွက် မခေါ်ယူခဲ့သနည်းဟု ဥပဒေပညာရှင် အင်ဒရူးငွန်ကျုံးလျန်က ပြောကြားသည်။

ထိုသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ခေါ်ယူစေခြင်းသည် ဆုံးဖြတ်ရန်အတွက်မဟုတ်ဘဲ ဆွေးနွေးရန်အတွက်သာဖြစ်ကြောင်း၊ ဇွန် ၈ ရက်တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကဲ့ သို့သော အစည်းအဝေးခေါ်ယူခဲ့ခြင်းသည် ခေါင်းဆောင်များ လုပ်ချင်ရာလုပ်သွားခြင်းဖြစ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော ကောင်းမွန်သည့်အချက်များကို အသက်သွင်းရန် လိုအပ်နေသည်ဟုလည်း အင်ဒရူးငွန်ကျုံးလျန်က ပြောကြားသည်။

June 9, 2018














Copy Protected by Chetan's WP-Copyprotect.