<

ဥပဒေလိုက်နာရမည့်သူများနှင့် တာဝန်ရှိသူများ လျော့ရဲစွာ ဆောင်ရွက်နေ၍ တရားဥပဒေစိုးမိုးရေး တဖြည်းဖြည်း ထိခိုက်လာပြီး အစိုးရအာဏာစက် ကျဆင်းကာ ပြည်သူများအကြားတွင် သိက္ခာကျဆင်းဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ဥပဒေလိုက်နာရမည့်သူများနှင့် တာဝန်ရှိသူများ လျော့ရဲစွာဆောင်ရွက်နေ၍ တရားဥပဒေစိုးမိုးရေး ထိခိုက်လာပြီး အစိုးရအာဏာစက် ကျဆင်းကာ ပြည်သူများအကြားတွင် သိက္ခာကျဆင်းနေကြောင်း ဇွန် ၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၄၂ ရက်မြောက်နေ့တွင် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမ၀င် လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်းပြီး ဦးကျော်ကျော်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို အလေးအနက်ထား လိုက်နာရမှာဖြစ်တယ်။ ဥပဒေတွေကို နိုင်ငံသားတိုင်းက လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူများကလည်း ဥပဒေများမှာ ပြဋ္ဌာန်းထားသည့်အတိုင်း ကျောသားရင်သား မခွဲခြားဘဲ တိကျစွာ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။ ဥပဒေလိုက်နာရမည့်သူများနဲ့ တာဝန်ရှိသူများက လျော့ရဲစွာ ဆောင်ရွက်နေကြတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို တဖြည်းဖြည်း ထိခိုက်လာပါတယ်။ ဒီလိုအခါမှာ အစိုးရရဲ့ အာဏာစက်ဟာ ကျဆင်းပြီး ပြည်သူများအကြားမှာ သိက္ခာကျဆင်းပါတယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ဥပေမဲ့လုပ်ကိုင်မှုများ တရားဥပဒေစိုးမိုးမှု လျော့နည်းလာခြင်းများကို လွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆွေးနွေးခြင်းများကို လုပ်ကိုင်နေသော်လည်း တာဝန်ရှိသူများဘက်မှ ဆောင်ရွက်မှုများသည် အားရစရာ မရှိကြောင်း၊ လွှတ်တော် မေးခွန်းမေးမြန်းသည့် အချိန်တွင် အသည်းအသန် ဆောင်ရွက်ပြီး မေးခွန်းပြီးနောက်တွင် မူလအခြေအနေ အတိုင်းသာ ပြန်လည်ရောက်ရှိကြောင်း ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ယင်းအပြင် အဆိုနှင့်ပတ်သက်ပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ခံဆွေးနွေးရာတွင် “ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဥပဒေချိုးဖောက်ပြီးတော့ တရားမ၀င် လုပ်ကိုင်နေတဲ့ အလုပ်တွေကို ပိုမိုထိရောက်စွာ အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ အဆိုရှင်ရဲ့ အဆိုက ရှင်းပါတယ်။ ဒီအဆိုဟာ အတည်ဖြစ်မယ့် အဆိုပါ။ အတည်ပြုပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည် ဖော်ပါ့မလား။ ဒါလေးကို ကျွန်တော်စိုးရိမ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အချိန်ကုန်ခံ ဆွေးနွေးနေတဲ့ အချိန်မှာ ဥပဒေနဲ့ ပတ်သက်တဲ့အဆို ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ကြီးကို ပါရှိစေချင်ပါတယ်” ဟု ပြောကြားသည်။

တတိယပုံမှန် အစည်းအဝေးတွင် ဆိုင်ကယ်နှင့် ပတ်သက်ပြီး အဆိုတစ်ခု တင်ပြခဲ့ကြောင်း၊ အဆိုနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အကောင်အထည်ဖော်ရာတွင် အားနည်းနေကြောင်း၊ ပကတိ မြေပြင်အခြေအနေတွင် လိုက်နာနိုင်သည့် အခြေအနေမျိုး ဖြစ်သင့်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်မစီးရန် ထုတ်ပြန်ခဲ့သော်လည်း တရားဝင် ခွင့်ပြုထားသည့် လှည်းကူးမြို့နယ်၊ သုံးခွမြို့နယ်ရှိ ဆိုင်ကယ်များ အရေအတွက်ထက် စီးခွင့်မရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ ဆိုင်ကယ်အစီးရေသည် ပိုမိုများပြားကြောင်း၊ အခွန်အခများ နစ်နာလျက်ရှိကြောင်း၊ ဆိုင်ကယ်စီးခွင့်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တွင်းသို့ ၀င်ရောက်မှုကို ကန့်သတ်သင့်ကြောင်း၊ ယနေ့အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

 

June 9, 2018














Copy Protected by Chetan's WP-Copyprotect.