ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် နေ့စဉ် ဆေးသွင်းကုသသည့် ကင်ဆာလူနာ ရာနှင့်ချီရှိဟုဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် နေ့စဉ် ဆေးသွင်းကုသသည့် ကင်ဆာလူနာ ရာနှင့်ချီရှိဟုဆို
Published 10 June 2018

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် အနယ်နယ်အရပ်ရပ်မှ နေ့ စဉ်လာရောက်ဆေးသွင်း ကုသသည့် ပြင်ပလူနာဦးရေ ရာနှင့်ချီရှိနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ၊ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်သင်းမူ၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိမှာ လူနာဦးရေက တစ်နေ့ကို ၂၅၀ နဲ့ ၃၀၀ ကြားရှိတယ်။ ၂၅၀ နဲ့ ၃၀၀ ကြားလောက်မှာ အသစ်က ၃၀ နဲ့ ၄၀ ကြားရှိတယ်။ နေ့စဉ်ဆေးသွင်း ကုသတဲ့လူက အနည်းဆုံး ရာချီပြီးရှိတယ်။ ရာချီပြီး ရှိတဲ့အတွက်ကြောင့် ပြင်ပလူနာဌာန အနေနဲ့လည်း Day Care စင်တာနဲ့ ကုပေးတာလည်းရှိတယ်။ ရက်အများကြီးသွင်းရမယ့် သူကျတော့ ဆေးရုံပေါ်တင်ပြီး ကုတာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ဆေးသွင်း ကုသသည့် လူနာရာနှင့်ချီရှိသည့် အတွက်ကြောင့် လူနာများအနေဖြင့် ဆေးထုတ်ယူရာတွင် အချိန်ကြာ စောင့်ဆိုင်းရမှုများ ရှိနေကြောင်း သိရသည်။

“ဆေးရုံမှာ ဆရာမတွေက ဆေးသွင်းတဲ့အခါမှာ ဂရုစိုက်ပါတယ်။ လိုလေသေးမရှိပါဘူး။ ကုရတာလည်း ကုန်ကျမှု သိပ်မရှိဘူး။ ဆေးက တန်းစီပြီ းစောင့်ရတယ် ဆိုတာက ပြင်ပလူနာက နေ့တိုင်းရှိတယ်။ ကြာသပတေး တစ်ရက်ပဲ မရှိတာ။ လာကြည့်စေချင်တယ်။ လူတွေက အရမ်းများတာ။ မြန်မာနိုင်ငံမှာ ကင်ဆာကုဌာနကလည်း နည်းသေးတာပေါ့။ နည်းသေးတဲ့ အခါကျတော့ လူနာအရမ်းများတယ်။ အရမ်းများတော့ စောင့်ရတာပဲလေ။ သူနာပြုဆရာမတွေလည်း မအားလပ်ရပါဘူး။ ဒါ အစ်မကိုယ်တိုင် မျက်မြင်ပေါ့နော်” ဟု ကင်ဆာဝေဒနာ ခံစားနေရသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ကင်ဆာဌာနတွင် တွဲဖက်ပါမောက္ခ အပါအဝင် ဆရာဝန် ခုနစ်ဦးသာ ရှိကြောင်းနှင့် ဘွဲ့လွန်သင်တန်း တက်နေသည့် ဆရာဝန် ၃၃ ဦးရှိကြောင်း ဒေါက်တာ ခင်သင်းမူက ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင် လာရောက်ကုသသည့် ကင်ဆာလူနာ တစ်နှစ်လျှင် ပျမ်းမျှ ၃၀၀၀ နှင့် ၄၀၀၀ ကြားရှိကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီး၏ စာရင်းဇယားများအရ အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့် ကင်ဆာ အဖြစ်များပြီး အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါများ အဖြစ်များကြောင်းနှင့် ကင်ဆာရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နှစ်စဉ်လာရောက် ပြသသောလူနာ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent