မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာ့ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်လာသော်လည်း ထိုင်းဘက်မှ သွင်းကုန်ထက် ၁၀ ဆခန့် လျော့နည်းနေဆဲဖြစ်

မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာ့ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်လာသော်လည်း ထိုင်းဘက်မှ သွင်းကုန်ထက် ၁၀ ဆခန့် လျော့နည်းနေဆဲဖြစ်
Published 10 June 2018

မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ထိုင်းကုန်စည်ကားများကို တွေ့ရစဉ်

မြန်မာ - ထိုင်း နယ်စပ်မြဝတီ ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်သစ်တွင် ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ကုန်ပစ္စည်း တင်ပို့မှု မြင့်တက်လာသော်လည်း ထိုင်းဘက်မှ သွင်းကုန်ထက် ၁၀ ဆခန့် လျော့နည်းနေဆဲဖြစ်သည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ဧပြီ ၁ ရက်မှ မေ၂၅ ရက်အထိ ထိုင်းနိုင်ငံဘက်သို့ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၆၉ သန်းဖိုး တင်ပို့ခဲ့သော်လည်း မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်း တင်သွင်းမှုမှာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၅၄၉ သန်း ရှိ၍ ပို့ကုန်မှာ သွင်းကုန်ထက် ၉ ဒသမ ၉၈ ဆ လျော့နည်းနေဆဲ ဖြစ်သည်။

ယခု ဘဏ္ဍာနှစ်စ ကုန်သွယ်မှုမှာ မေလ၂၅ ရက်နေ့ထိ ပို့ကုန်သွင်းကုန် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၂ ဒသမ ၆၄၅ သန်း ကုန်သွယ်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ် ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒါ်လာ ၉ ဒသမ ၄၁၉ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅၃၀ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့သည်။

မြဝတီနယ်စပ်စခန်းသည် ဒုတိယကုန်သွယ်သွယ်မှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ နေ့စဉ်ကုန်တင်ယဉ် ကားကြီ ၅၀၀ ခန့် ဝင်ရောက်နေသော်လည်း ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှုမှာ ကုန်တင်ယာဉ် ဆယ်ဂဏန်း မျှသာရှိသည်။

မြန်မာနိုင်ငံဘက်သို့ ထိုင်းဓာတ်ငွေ့ရည်၊ စက်သုံးဆီ ဒီဇယ်၊ ဓာတ်ဆီ၊ စားသုံးဆီများ၊ မော်တော်ဆိုင်ကယ်မျိုးစုံ၊ စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ သွပ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း မျိုးစုံတို့ကို ယခင်နှစ်ကထက် ပိုမိုတင်သွင်းလာကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်နှုန်းထား အပြောင်းအလဲကြောင့် တရားဝင် ကားတင်သွင်းမှု မရှိသလောက် နည်းပါးခဲ့သည်။ လယ်ယာသုံး ထွန်စက်များနှင့် လုပ်ငန်းသုံး စက်ယန္တရားများကို ပုံမှန်တင်သွင်း လျက်ရှိသည်။

မြဝတီနယ်စပ်တွင် သောင်ရင်းဖြတ်ကျော် စက်လှေဂိတ် ၂၀ ကျော်တို့မှ ကုန်သွယ်ကူးသန်းမှုမှာလည်း ယခင်အတိုင်း ရပ်တည်နေကာ တရားဝင် တင်သွင်းခွင့် မရှိသော အသားထုတ်ဝက်များ၊ ကြက်များ၊ ကြက်ထွက် အသည်းနှလုံး ပါကင်ထုပ်များ၊ ကျော့ပုစွန်များ၊ ဘီယာမျိုးစုံ၊ အရက်မျိုးစုံတို့ကို ပြည်တွင်းသို့ အလုံးအရင်းဖြင့် တင်သွင်းလျက် ရှိသည်ဟု သိရသည်။

 

Most Read

Most Recent