ငွေဆောင်ကမ်းခြေတွင် မိုးရာသီအတွင်း လှိုင်းလေကြီးမှုကြောင့် ခရီးသွားများ ပင်လယ်ရေမကူးရန် သတိပေးချက်များ ထုတ်ပြန်

ငွေဆောင်ကမ်းခြေတွင် မိုးရာသီအတွင်း လှိုင်းလေကြီးမှုကြောင့် ခရီးသွားများ ပင်လယ်ရေမကူးရန် သတိပေးချက်များ ထုတ်ပြန်
Published 10 June 2018

ပင်လယ်ရေ (လုံးဝ) မကူးရ အသက်အန္တရာယ်ရှိသည် စာသားပါ ဆိုင်းဘုတ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားစဉ်

ဧရာဝတီတိုင်းဒေသကြီး၏ နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငွေဆောင်ကမ်းခြေမှာ မိုးရာသီအတွင်း လှိုင်းလေကြီးခြင်း၊ ရေဆွဲများ ရှိခြင်းကြောင့် အပန်းဖြေ လာရောက်ကြသည့် ခရီးသွားများအနေဖြင့် ပင်လယ်ရေကူးခြင်း မပြုလုပ်ရန် ဇွန် ၉ ရက်တွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင်ကမ်းခြေမှာ မိုးတွင်းကာလအတွင်း လှိုင်းလေကြီးခြင်း၊ ရေဆွဲများ ပေါများခြင်းကြောင့် ရေကူးအပန်းဖြေသူများ အနေဖြင့် မကြာခဏ ရေနစ်ခြင်း၊ အသက်အန္တရာယ်ဖြင့် ကြုံတွေ့ရခြင်းများ ရှိခဲ့ရကြောင်း၊ မိုးတွင်းကာလတွင် အပန်းဖြေသူများ လာရောက်ခဲ့ပါကလည်း ပင်လယ်အတွင်း ရေဆင်းမကူးရန် ဟိုတယ်လုပ်ငန်းရှင်များ ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကြပ်မတ်မှုများ လုပ်ဆောင်နေကြောင်း၊ ယင်းအပြင် ခရီးသွားပြည်သူများ လွယ်ကူစွာ သိရှိနိုင်ရေးအတွက် ငွေဆောင်ကမ်းခြေ အဝင်ဝမှ စတင်၍ မိုးရာသီတွင် ပင်လယ်ရေ (လုံးဝ) မကူးရ အသက်အန္တရာယ်ရှိသည် စာသားပါ ဆိုင်းဘုတ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ခရီးသွားများ သွားလာလေ့ရှိသည့် နေရာများတွင် စိုက်ထူခြင်းများ ပြုလုပ်ထားရှိကြောင်း သိရသည်။

“ငွေဆောင်ကမ်းခြေက မိုးတွင်းကာလဆိုရင် ပင်လယ်ရေက လှိုင်းလေကြီးတယ်။ ဒေသအခေါ် ရေဆွဲတွေ ရှိတဲ့အခါကျတော့ ခရီးသွား ဧည့်သည်တွေကို မသိဘဲ ရေကူးမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်ပြီး ရေနစ်တာတို့ ဘာတို့ ဆိုတာက နှစ်စဉ်နှစ်တိုင်း ခဏခဏ ကြုံတွေ့ရတယ်လေ။ အဲ့ဒါကြောင့်မို့ ဒါတွေမဖြစ်အောင် မိုးတွင်းကာလရောက်တိုင်း ဟိုတယ်ခရီးဌာနနဲ့ ငွေဆောင်ဟိုတယ်ဇုန်မှာရှိတဲ့ တာဝန်ရှိသူတွေ ဒေသအုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းပြီး သတိပေး ဆိုင်းဘုတ်တွေကို စိုက်ထူပေးတာပါ။ အဓိက,ကတော့ အသက်အန္တရာယ် ကင်းစေရေးအတွက် လုပ်ဆောင်တာပါ။ မြို့အဝင် လမ်းဆုံမှာတစ်ခု၊ ကမ်းခြေဆင်းလမ်းမှာ တစ်ခုနဲ့ ချစ်သူများကျွန်းနားမှာတစ်ခု စိုက်ထူပေးထားပါတယ်။ မိုးရာသီဖြစ်တာကြောင့် လှိုင်းလေကြီးတယ်။ ရေမကူးပါနဲ့ဆိုပြီး မြန်မာအင်္ဂလိပ် နှစ်ဘာသာနဲ့ သတိပေးထားပါတယ်” ဟု ငွေဆောင်မြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်းသာ၊ ငွေဆောင်နှင့် ဂျော်ရန်ကျွန်း အပန်းဖြေစခန်း သုံးခုရှိသည့်အနက် ငွေဆောင်ကမ်းခြေမှာ ပြည်ပခရီးသွား ဝင်ရောက်မှု အများဆုံး ကမ်းခြေတစ်ခု ဖြစ်ကြောင်း သိရသည်။

Most Recent