မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၁၁၉ ကျောင်း စတင်ဖွင့်လှစ်

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၁၁၉ ကျောင်း စတင်ဖွင့်လှစ်
Published 10 June 2018

မောင်တောမြို့နယ်အတွင်း ကလေးများ စာသင်ကြားနေစဉ်

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၁၁၉ ကျောင်းကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၁၈၅ ကျောင်းရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ကျောင်းအားလုံး ပိတ်ထားခဲ့ရပြီးနောက် တဖြည်းဖြည်း တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ယခင်နှစ် စာသင်နှစ်အတွင်း ကျောင်းပေါင်း ၁၀၅ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် ယခုနှစ် ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်း ၁၄ ကျောင်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ကျောင်း ၁၁၉ ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းဖွင့်လှစ်မှု အခြေအနေနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က “မောင်တောမြို့နယ်မှာ စုစုပေါင်း စာသင်ကျောင်းက ၁၈၅ ကျောင်းရှိပါတယ်။ အဲဒီထဲက ဒီနှစ် ၁၁၉ ကျောင်းဖွင့်ပါတယ်။ မူလတန်းနဲ့ အလယ်တန်းမှာတော့ လုံလောက်တယ်။ ဆရာဆရာမနည်းတဲ့ ကျောင်းတွေမှာ ပိတ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို တာဝန်ချပေးထားပါတယ်။ အထက်တန်း အဆင့်မှာတော့ ဆရာဆရာမတွေ အပြောင်းအရွှေ့ရှိတော့ နယ်ကျောင်းတွေမှာ လိုအပ်ချက်ရှိပါတယ်။ မဖွင့်လှစ်နိုင်တဲ့ကျောင်း မရှိပါဘူး။ မဖွင့်တဲ့ကျောင်း ဆိုတာက မနှစ်က မီးရှို့ထွက်ပြေးသွားတဲ့ ရွာတွေက ကျောင်းတွေဖြစ်ပါတယ်။ ဒီနှစ် တချို့ရွာတွေမှာ ပြန်လာနေတဲ့သူတွေ ရှိလာတဲ့အတွက် မနှစ်က ၁၀၅ ကျောင်း ဖွင့်ခဲ့ပေမယ့် ဒီနှစ်မှာ ၁၄ ကျောင်းတိုးဖွင့်လို့ အခုဆိုရင် အားလုံး ၁၁၉ ကျောင်း ဖွင့်ပါတယ်။ ဒီနေ့အထိ ကျောင်းသားဦးရေက ထက်၊ လယ်၊ မူ စုစုပေါင်း ၁၆၀၀၀ ကျော် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ပညာရေးဝန်ထမ်း တချို့သည် အသက်လုကာ ကျေးရွာသားများနှင့်အတူ တောထဲတွင် ပုန်းအောင်းနေခဲ့ရသည်များ ရှိခဲ့ကြောင်းနှင့် မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ ကျောင်သားများမှာ မြို့ပေါ်ကယ်ဆယ်ရေး စခန်းနှင့် ဘုန်းတော်ကြီးများတွင် ပြောင်းရွှေ့ စာသင်ကြားခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်း ပိတ်ခဲ့ရသောကျောင်း ၄၂၄ ကျောင်းအနက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကလေးများ စာပေသင်ကြားနိုင်သည့် ကျောင်း စုစုပေါင်း ၃၂၄ ကျောင်းရှိပြီး ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း စာပေသင်ကြားမှု မြှင့်တင်နိုင်ရန် ဘင်္ဂါလီစကား တတ်ကျွမ်းသော ဆရာဆရာမ ၁၀၀ ခန့်ကို အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်အပ်ထားရှိကြောင်း သိရသည်။

 

Most Read

Most Recent