လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးဌာနအနေဖြင့် တိတိကျကျ ဖြေဆိုရန်နှင့် ကိုယ်စားလှယ်များကလည်း တိတိကျကျ မေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးဌာနအနေဖြင့် တိတိကျကျ ဖြေဆိုရန်နှင့် ကိုယ်စားလှယ်များကလည်း တိတိကျကျ မေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 22 August 2017

လွှတ်တော်တွင် မေးခွန်းမေးမြန်းရာတွင် ဝန်ကြီးဌာနအနေဖြင့် တိတိကျကျ ဖြေဆိုရန်နှင့် ကိုယ်စားလှယ်များ အနေဖြင့်လည်း တိတိကျကျ မေးမြန်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

သြဂုတ် ၂၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းမေးမြန်းခြင်း အစီအစဉ်ပြုလုပ်နေစဉ် ဥက္ကဋ္ဌဦးဝင်းမြင့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ကိုယ်စားလှယ်များ၏ မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်း လင်းဖြေကြားရန် လိုကြောင်း၊ မေးခွန်း၌ပါသည့် အကြောင်းအရာကိုပဲ ထိထိမိမိဖြေနိုင်ရန် ကြိုးစားပေးစေချင်ကြောင်း ဦးဝင်းမြင့် က မှာကြားသည်။

“ဝန်ကြီးဌာနအနေနဲ့ ကိုယ်စားလှယ်တွေ မေးတဲ့မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေကြားဖို့ လိုပါတယ်။ အဲဒီလို ဖြေကြားဖို့ အတွက်ဆိုရင်လည်း မေးခွန်းမှာပါတဲ့ အကြောင်းအရာ၊ issue ကိုပဲ တိတိကျကျ ထိထိမိမိ ဖြေနိုင်အောင် ကြိုးစားပေးစေချင်ပါတယ်။ ဒါဝန်ကြီးဌာနဘက်က။ ကိုယ်စားလှယ်တွေ ဘက်ကလည်း မေးခွန်းမေးပြီဆိုရင် ဝန်ကြီးဌာနက ပြန်ဖြေတယ်။ ကိုယ်မေးတဲ့ မေးခွန်းနဲ့ ဝန်ကြီးဌာနက ပြန်ဖြေတာ မကိုက်ညီဘူး။ လွဲချော်နေပြီ ကိုယ်လိုချင်တဲ့ issue မဟုတ်ဘူး။ အဲဒီလို ဆိုလို့ရှိရင် ကျွန်တော်တို့က တစ်ဆက်တစ်စပ်တည်း ပြန်ပေးပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က တစ်ဆက်တစ်စပ်တည်း ဆိုတာက ကိုယ်မေးတဲ့ မေးခွန်းအပေါ်မှာ ဝန်ကြီးဌာနက ပြန်ဖြေတာသည် ကိုယ်လိုချင်တဲ့ လိုရင်းကို မရောက်ဘဲနဲ့ ပွင့်ပွင့်လင်းလင်းပြောရင် ရှောင်လွှဲပြီးတော့ ယေဘုယျ လုပ်ငန်းစဉ်တွေပြောပြီးတော့ ကွေ့ပတ်နေရင် ကိုယ်လိုချင်တဲ့ မေးခွန်းပြန်ရအောင် တစ်ဆက်တစ်ဆက်တည်း ထိထိမိမိ မေးရမယ့်မေးခွန်း။ ဘာဖြစ်လု့ိလဲ ဆိုတော့ ဝန်ကြီးဌာနက ကိုယ်မေးတဲ့ မေးခွန်းအပေါ်မှာပဲ အဖြေက လုပ်လာတယ်။ ဒီအခါကျမှ ကိုယ်က တစ်ဆက်တစ်စပ်တည်း ဆိုပြီးတော့ ဒါနဲ့ ဆက်စပ်တာပဲ ဆိုပြီးတော့ မေးခွန်းသစ်၊ အကြောင်းအရာသစ်၊ အဖြစ်အပျက်အသစ်တွေ သွားမေးရင် အဲဒီလိုပဲ ပြန်ဖြေတဲ့အခါကျလို့ရှိရင် ယေဘုယျဆန်ဆန် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ညှိနှိုင်းဆောင်ရွက်မယ်။ ဒါနဲ့ပဲသွားမှာပဲ။ အဲဒီတော့ ကိုယ်စားလှယ်တွေကလည်း သိဖို့လိုတယ်။ ဝန်ကြီးဌာနက မေးတဲ့ မေးခွန်းအပေါ်ပဲ လုပ်လာမှာ။ ဒီကျတော့ ဒါပဲဖြေမှာ။ အဲဒီဖြေတာတောင် ကိုယ်မေးတဲ့မေးခွန်းရဲ့ လိုရင်းကို မရောက်ဘူး။ ကိုယ့်အတွက် ထိမိမှုမရှိဘူး။ ကိုယ်ကျေနပ်မှု မရှိဘူး။ ကိုယ်မေးတဲ့ မေးခွန်းနဲ့ အဖြေနဲ့ လွဲချော်ပြီးတော့ ယေဘုယျဆန်ဆန် ပြောပြီ ဟိုလိုဒီလို ကြားကောင်းအောင် ရှောင်လွှဲပြောပြီဆိုရင် ကျွန်တော်မေးတာက ဒါ။ ဒီလိုဖြေတယ်။ ဒီလိုကွဲလွဲနေတယ်။ ကျွန်တော်သိချင်တာက ဒါ။ အဲဒီလို တစ်ဆက်တစ်စပ်တည်း ဆိုတာ ထိထိမိမိလေး အခွင့်အရေးပေးထားတာ။ တစ်ဆက်တစ်စပ်တည်း ဆိုပြီးတော့ နောက်အကြောင်းအရာသစ်တွေ၊ အဖြစ်အပျက်သစ်တွေ၊ မေးခွန်းအသစ်တွေ မေးဖို့မဟုတ်ဘူး။ အဲဒါ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီးတော့ check and balance ဆိုတာ ဒါပဲ။ တိတိကျကျလေး ဖြစ်စေချင်တယ်။ အဲဒီလိုလေး မေးကြပါ”ဟု ဦးဝင်းမြင့်က ဆိုသည်။

Most Read

Most Recent