NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦဉာဏ်ဝင်း ဦးဆောင်သော ပါတီဗဟိုပြန်ကြားရေးကော်မတီ ပြန်လည်ဖွဲ့စည်း

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦဉာဏ်ဝင်း ဦးဆောင်သော ပါတီဗဟိုပြန်ကြားရေးကော်မတီ ပြန်လည်ဖွဲ့စည်း
Published 22 August 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်သော ပါတီဗဟိုပြန်ကြားရေးကော်မတီကို ဖွဲ့စည်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သြဂုတ် ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ဗဟိုပြန်ကြားရေးကော်မတီကို သြဂုတ် ၂၀ ရက်က ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုပြန်ကြားရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးအေးကြူ (ခ) မုံရွာအောင်ရှင်၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်အေးနိုင်၊ ဦးကြည်တိုး၊ ဦးငြိမ်းသစ်၊ ဦးတင်လှ၊ ဦးနေဘုန်းလတ်၊ ဦးရဲမင်းဦး၊ ဦးလွင်ကိုလတ်၊ ဦးဝေဖြိုးဟန်၊ ဦးသန့်ဇင်ထွန်း တို့ ပါဝင်သည်။

“ပြောရေးဆိုခွင့်တွေ ဘာတွေနဲ့ မဆိုင်ဘူး။ ဒါ ပါတီရဲ့ ပြန်ကြားရေး ကိစ္စတွေပေါ့။ ပြန်ကြားရေးကိစ္စ ဆိုတာ လိုအပ်တဲ့အချိန်မှာ သတင်းတွေ ထုတ်ပြန်ပေးရမယ်။ လိုအပ်တဲ့အချိန်မှာ PC (Press Conference) တွေ ဘာတွေ လုပ်ပေးရမယ်။ နောက် ပြည်သူလူထုကို အသိပေးရမယ့် ဟာမျိုးတွေ အားလုံးက ပြန်ကြားရေးက ကိုင်တွယ်ပြီး ထုတ်ပြန်ရမှာပေါ့။ (ပြန်ကြားရေးကော်မတီက ထုတ်တာပဲ တရားဝင်) ဟုတ်တာပေါ့။ မှန်တာပေါ့။ ပါတီကိုယ်စားပြုတဲ့ဟာမှ တရားဝင်တာပေါ့။ သို့ သော် ပုဂ္ဂိုလ်တစ်ဦးချင်းကလည်း ကိုယ်ပိုင်ပြောခွင့်ကတော့ ရှိနေတာပေါ့။ သူက တစ်ယောက်တည်း ကိုယ့်သဘောနဲ့ကိုယ် ပါတီအတွက်တော့ ပြောခွင့်မရှိဘူးပေါ့။ ပြန်ကြားရေးကော်မတီက ထွက်တာသာလျှင် ပါတီကိုယ်စားပြုပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့် ဦးဆောင်သော ပါတီဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ကိုလည်း သြဂုတ် ၂၁ ရက်က ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

ယင်းဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာမေဝင်းမြင့်၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ အဖွဲ့ဝင်များအဖြစ် ဒေါ်ကြည်ကြည်ဝင်း (စမ်းချောင်း)၊ ဒေါ်ခင်ခင်ဖြူ (တွဲဘက် အတွင်းရေးမှူး အရှေ့ပိုင်းခရိုင်)၊ ဒေါက်တာ ဒေါ်ရွှေပုံ၊ ဒေါ်လဲ့လဲ့၊ ဒေါ်သက်ထားနွယ်ဝင်း၊ ဒေါ်သန္တာ၊ ဒေါ်သန်းသန်းအေး (ဥက္ကဋ္ဌ-စိတ္တရမဟီ ရပ်ကွက်အလုပ်အမှုဆောင်အဖွဲ့)၊ ဒေါ်အေးအေးမာ၊ ဒေါ်အေးအေးမူ (ခ) ရှားမီးတို့ ပါဝင်သည်။

Most Read

Most Recent