ပြင်ဦးလွင်-နောင်ချို တစ်ဝိုက်တွင် တာဝန်ပေးအပ်ထားခြင်းမရှိဘဲ ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရဲတပ်သားသုံးဦးနှင့် အရပ်သားတစ်ဦးကို အရေးယူ

ပြင်ဦးလွင်-နောင်ချို တစ်ဝိုက်တွင် တာဝန်ပေးအပ်ထားခြင်းမရှိဘဲ ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရဲတပ်သားသုံးဦးနှင့် အရပ်သားတစ်ဦးကို အရေးယူ
Published 9 June 2018

ပြင်ဦးလွင်-နောင်ချိုဒေသတစ်ဝိုက်တွင် တာဝန်ပေးအပ်ထားခြင်းမရှိဘဲ ကားများ ကိုစစ်ဆေးမှုများပြုလုပ်ခဲ့သည့် ရဲတပ်သား သုံးဦးနှင့် အရပ်သားတစ်ဦးကို အရေးယူထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဇွန် ၇ ရက်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ဘန့်ဘွေး တိုးဂိတ်အကျော်တွင် ရဲတပ်သားသုံးဦးနှင့် အရပ်သားတစ်ဦးတို့မှ ကားတစ်စီးကို တား၍စစ်ဆေးခဲ့ကာ ပြင်ဦးလွင် ပိတ်ချင်းမြှောင်ရဲ စခန်းသို့ ခေါ်ဆောင် လာခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြှောင် ရဲကင်းစခန်းသို့ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ ရဲတပ်သားသုံးဦးနှင့်သတင်းပေး တစ်ဦးတို့ရောက်ရှိလာပြီး ကားတစ်စီးအား မသင်္ကာသဖြင့် ရှာဖွေပေးရန်အကူညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့ခေါ်ဆောင်လာခဲ့သည့် မော်တော်ယာဉ်နှင့်ပါလာသူတို့အား စစ်ဆေးခဲ့ရာဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစုံတရာ ရှာဖွေမတွေ့ရှိခဲ့ကြောင်း သိရသည်။

“တာဝန်ပေးအပ်ထားခြင်းမရှိဘဲ ကားကို စစ်ဆေးတဲ့ ရဲသုံးယောက်ကို ရဲစည်းကမ်း ထိန်းသိမ်းဥပဒေနဲ့အရေးယူဖို့ စစ်ဆေးနေပါတယ်။ ကျန်တဲ့သတင်းပေးတစ်ယောက်ကတော့ သူစီးလာတဲ့ယာဉ်က လိုင်စင်မဲ့ဖြစ်လို့ ဥပဒေနဲ့အညီ အရေးယူဖို့ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးခင်မောင်ထွန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  တာဝန် ပေးအပ်ထားခြင်းမရှိဘဲ ယာဉ်အားမသင်္ကာဟုဆိုကာ ရှာဖွေရန်တားဆီးဆောင်ရွက်ခြင်း၊ မသင်္ကာသတင်းကို တာဝန်ရှိသူအဆင့်ဆင့် အား သတင်းပို့မှုမရှိခြင်း၊ မြို့နယ်ကျော်၊ ခရိုင်ကျော်၊ တိုင်းကျော်သွားရောက်၍ အဆင့် လျော်ညီမှုမရှိသည့် ဆောင်ရွက်မှုများပြုလုပ် ခဲ့ကာ အများပြည်သူသွားလာနေသည့်ကားများပေါ်တွင် တရားမဝင်ပစ္စည်းများပါလာပါက ငွေကြေးတောင်းခံရန်ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ နှင့် ပုံရိပ်အားကျဆင်းစေအောင်ပြုလုပ်ခဲ့သဖြင့် ဥပဒေအရ စစ်ဆေးဆောင်ရွက်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်မှ သတင်းပေးဖုန်းမြင့် ကျော်မောင်းနှင်လာသည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်နေသဖြင့် ပိတ်ချင်းမြောင်ရဲကင်းစခန်းတွင် ပို့ကုန်သွင်းကုန်ပုဒ်မ(၈)ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊ ထပ်မံစစ်ဆေးချက်များအရ ကားတစ်စီးသည် တရားမဝင်ကျောက် စိမ်းများသယ်ဆောင်လာသည်ဟုဆိုကာ မမှန်သတင်းများကို သတင်းပေးဆိုသူက ရဲများကို ပေးခဲ့ကြောင်း၊ ၎င်းနှင့် ပါလာသည့် ရဲတပ်သားသုံးဦးသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲတပ်သားများဖြစ် ကြောင်း သိရသည်။

ကားကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သော ပိတ်ချင်းမြောင်ရဲကင်းစခန်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ကားကို စတင်တားမြစ်စစ်ဆေးခဲ့သည့်နေရာဖြစ်သော  ဘန့်ဘွေးတိုးဂိတ်အကျော်နေရာသည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း ပါဝင်ခြင်းဖြစ်သည်။

Most Read

Most Recent