<

မြန်မာ-ထိုင်း နှစ်နိုင်ငံစီမံကိန်း၏ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းတွင် ဆက်သွယ်ပေါင်းကူးပေးသည့် ကြိုးတံတားသုံးစင်း ခံနိုင်ဝန်အား လျော့နည်းလာမှုကို စောင့်ကြည့်လျက်ရှိ

ဂျိုင်း (အတ္တရံ) ကြိုးတံတားပေါ်ကို တွေ့ရစဉ်

နိုင်ငံတကာဆိုင်ရာ ဆက်သွယ်ရေး အမြန်လမ်းမကြီးစီမံကိန်းအရ မြန်မာ-ထိုင်း နှစ်နိုင်ငံစီမံကိန်း၏ အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းတွင် ဆက်သွယ်ပေါင်းကူးပေးသည့် ကြိုးတံတားသုံးစင်း ခံနိုင်ဝန်အား လျော့နည်းလာမှုကို ကရင်ပြည်နယ်၊ မွန်ပြည် နယ်လမ်းတံတားအထူးအဖွဲ့များမှ အနီးကပ် ကြီးကြပ်စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသောင်းဟန်စိုးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း တည်ရှိသော ဂျိုင်း (ကော့ကရိတ်) ကြိုးတံတား၊ ဂျိုင်း (ဇာသပြင်) ကြိုးတံတား၊ ဂျိုင်း (အတ္တရံ) ကြိုးတံတား သုံးစင်းမှာ နှစ် ၂၀ နီးပါးသက်တမ်း ရှိလာသည့်အလျောက် ကြံ့ခိုင်မှုအား လျော့နည်းလာခြင်းဖြစ်ပြီး ယခုအခါ ဖြတ်သန်းသွားလာသော ယာဉ်ကြီးများအား တန်ပို လျှော့ချပြောင်းလဲ သတ်မှတ်ထားကြောင်း သိရသည်။

“ဂျိုင်း (ကော့ကရိတ်) ဂျိုင်း (ဇာသပြင်) ဂျိုင်း (အတ္တရံ) တံတားတွေကို ဂျိုက်ကာအကူအညီနဲ့ ပြန်လည်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိတော့ တံတားကြံ့ခိုင် အားနည်းလာမှုအပေါ်မှာ ခွင့်ပြုတန်ချိန်ကနေ တန်ချိန်လျှော့ချပြီး ဖြတ်သန်းခွင့်ကို ပေးထားပါတယ်။ ဂျိုက်ကာက ပညာရှင်တွေအနေနဲ့ ဒီတံတားသုံးစင်းလုံးကို နှစ်တစ်ရာသက်တမ်း ခံနိုင်အောင်တည်ဆောက်ရမယ်လို့တော့ ပြောကြားထားပါတယ်” ဟု ကရင်ပြည်နယ် ဘားအံခရိုင် အင်ဂျင်နီယာဦးကျော်သူရက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဂျိုင်း (ကော့ကရိတ်) မြစ်ကူးကြိုးတံတားကို ၁၉၉၉ ခုနှစ် မေ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂျိုင်းတံတား (ဇာသပြင်) ကြိုးတံတားကို ၁၉၉၉ ခုနှစ် မေ ၂၄ ရက်တွင်ဖွင့်လှစ်ခဲ့ကာ မွန်ပြည်နယ်ရှိ ဂျိုင်း (အတ္တရံ) မြစ်ကူးတံတားကို ၁၉၉၈ ခုနှစ် မတ် ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ နှစ်ပေါင်း ၂၀ နီးပါး သက်တမ်းရှိ ပြီဖြစ်ကြောင်း သိရသည်။

“ကြိုးတံတားတွေက သက်တမ်းကြာလာတော့ ကြံ့ခိုင်မှုအားနည်းလာတာပေါ့။တံတားပေါ်မှာ ခရီးသည်မှန်လုံယာဉ်ဖြတ်သန်းနိုင်ဖို့ လူဆင်းပြီးလမ်းလျှောက်ရတာလေ။ လမ်းလျှောက်ကြည့်မှ တံတားက တုန်ခါနေတာ သိရတယ်။ အရမ်းစိုးရိမ်ပါတယ်။မြောင်းမြကြိုးတံတားလို ဖြစ်သွားမှာလည်း ကြောက်တယ်။ လောလောဆယ် တံတားကို အကြီးစားပြင်ဆင်တာတော့ မတွေ့ရသေးဘူး။ ဖြစ်နိုင်ရင် တံတားပေါ်မှာ တန်ပိုချပြီး ဖြတ်သန်းစေတာထက် တံတားအောက်မှာ ရေဆင်းလမ်းဖောက်ပြီး ကားတွေကို ဇက်ရေယာဉ်ကြီးတွေနဲ့ ဖြတ်သန်းတာ ပိုပြီးအန္တရာယ်ကင်းနိုင်မယ် ထင်ပါတယ်” ဟု ဘားအံ-မော်လမြိုင်ခရီးစဉ်သို့ မြတ်ရတနာမှန်လုံယာဉ် ဖြင့် သွားရောက်ခဲ့သူ ခရီးသည်တစ်ဦးက သုံးသပ်ပြောကြားသည်။

ဂျိုင်း (ကော့ကရိတ်) ဂျိုင်း (ဇာသပြင်) ဂျိုင်း (အတ္တရံ) ကြိုး တံတားများကို ယာဉ်အပါ ကုန်ပစ္စည်းပေါင်းတန် ၂၀ ခွင့်ပြုရာမှ တံတား ကြံ့ခိုင်မှုနည်းပါးလာခြင်းကြောင့် မေ ၃၀ ရက် မှ စတင်ကာ ခွင့်ပြုတန် ၂၀ မှ ၁၃ တန်အထိ လျှော့ချခဲ့ပြီး ယခုအခါ မွန်ပြည်နယ်၊ ကရင် ပြည်နယ် လမ်းတံတားအထူးအဖွဲ့များမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

June 8, 2018














Copy Protected by Chetan's WP-Copyprotect.