နိုင်ငံခြားသားများ မတရား ဝင်ရောက်ကာကွယ်တားဆီးရေးအဖွဲ့က ကောက်ယူထားသည့် မောင်တောခရိုင်ရှိ နတလကျေးရွာများတွင် နေထိုင်သူစာရင်းများကို လဝကသို့ လောလာဆယ် လွှဲပြောင်းနိုင်ခြင်း မရှိသေးဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

နိုင်ငံခြားသားများ မတရား ဝင်ရောက်ကာကွယ်တားဆီးရေးအဖွဲ့က ကောက်ယူထားသည့် မောင်တောခရိုင်ရှိ နတလကျေးရွာများတွင် နေထိုင်သူစာရင်းများကို လဝကသို့ လောလာဆယ် လွှဲပြောင်းနိုင်ခြင်း မရှိသေးဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 9 June 2018

နိုင်ငံခြားသားများ မတရား ဝင်ရောက် ကာကွယ်တားဆီးရေးအဖွဲ့မှ ကောက်ယူထားသည့် မောင်တောခရိုင်ရှိ နတလကျေးရွာများ တွင် နေထိုင်သူစာရင်းများအား အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန (လဝက) သို့ လောလာဆယ်တွင် လွှဲပြောင်းနိုင်ခြင်းမရှိသေးဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ဇွန် ၆ ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ရခိုင် ပြည်နယ် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ (နတလ) ကျေးရွာများ၌ နေထိုင်ကြသည့် နိုင်ငံသား၊ တိုင်းရင်းသားများ၏ လူဦးရေနှင့် အိမ်ထောင်စု ပုံစံ ၆၆၆ စာရင်းများအား နိုင်ငံခြားသားများ မတရား ဝင်ရောက် ကာကွယ်တားဆီးရေးအဖွဲ့ (မဖက) မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ မည်သည့်အ ချိန်တွင် စနစ်တကျ လွှဲပြောင်းပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုနှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက “ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ နတလကျေးရွာမှာ နေထိုင်သည့် တိုင်းရင်းသားများအနေဖြင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေဖို့ အိမ်ထောင်စုစာရင်း နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်း လုပ် ငန်းများအား အခါအားလျော်စွာ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားများ၊ အခြားဒေသများမှ တိုင်းရင်းသားများ ပြောင်းရွှေ့လိုပါက ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ပြောင်းရွှေ့ပုံစံ ၁၀ အား လက်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ (၄) အနေဖြင့် မတရားဝင်ရောက်သူများ တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) တွင် ထိန်းသိမ်းထားရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်း ၆၆/၆ ကို လောလောဆယ်လွှဲပြောင်း ပေးနိုင်ခြင်း မရှိသေးပါဘူး”ဟု ပြောကြားသည်။

ဆက်လက်၍ မောင်တောခရိုင်တွင် တိုင်းရင်းသား နတလကျေးရွာ ၃၆ ရွာရှိပြီး လူဦးရေ ကျား ၇၀၅၉ ဦး၊ မ ၇၀၂၉ ဦး စုစု ပေါင်း ၁၄၀၈၈ ဦးရှိကြောင်း၊ အဆိုပါတိုင်း ရင်းသား နတလကျေးရွာရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ အား လူဝင်မှုကြီး ကြပ်ရေးမှ ထုတ်ပေးထားကြောင်း၊ နှစ်စဉ်လူဦးရေ စိစစ်လျက်ရှိကြောင်း၊ အမှတ် (၁) နယ် ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့တွင် ထမ်းဆောင် လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၄) နှင့် ယင်းလက်အောက်ရှိ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှုတားဆီးကာကွယ် ရေးအဖွဲ့ (မကဖ) တွင် ထိန်းသိမ်းထားရှိသော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆ ကို ကောက်ယူရာတွင် လူဦးရေစာရင်းသိရှိနိုင်ရန်အတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန၏ ပုံစံ ၆၆/၆ အား နှောင့်ယှက်မှုမရှိဘဲ အခြေအနေအရပ်ရပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် သီးခြားဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးများသို့ လွှဲပြောင်းရန် အစီအစဉ်မရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နယ်နိမိတ်အားဖြင့် ၁၆၈ မိုင် ထိစပ်လျက်ရှိကြောင်း၊ ယင်းသို့ ထိစပ်နေသည့်အတွက် တစ်ဖက်နိုင်ငံမှ ခိုးဝင်မှုများတားဆီး ကာကွယ်ရန်အတွက် ကုန်ပစ္စည်းများ တရားမဝင် သွင်းထုတ်မှုများ တားဆီးကာကွယ်ရန် နယ်စပ်ဒေသတွင် တရားဥပဒေစိုးမိုးပြီး နယ်စပ်သတင်းများ ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၉၂ ခုနှစ်၌ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန စသည်တို့ပါဝင်သော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုအဖွဲ့ (နစက) ကို ဖွဲ့စည်းခဲ့ကြောင်း၊ နစ ကအား မောင်တောမြို့နယ် ကျီးကန်ပြင်တွင် အခြေစိုက်ဖွင့်လှစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် နယ်မြေစခန်းများဖွင့်လှစ်ခဲ့ကြောင်း၊ တိုင်းရင်းသား ကျေးရွာများတွင် နေထိုင်သည့် အိမ်ထောင်စုစာရင်း၊ ဘင်္ဂါလီစာရင်းများကို စနစ် တကျထိန်းသိမ်းပြီး တစ်နှစ်တစ်ကြိမ် လူဦးရေစာရင်း၊ လူဝင်လူထွက်စစ်ဆေးခြင်းတို့ဖြင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်မှုများကို တားဆီးကာကွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ နစက အဖွဲ့အား ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း၊ နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ကျေးရွာများရှိ လူဦးရေစာရင်းများကို ကောက်ယူကာ စစ်ဆေးလျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးလျက်ရှိခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေးများကို ပြည့်ပြည့်၀၀ ခံစားရရှိလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent