မွန်ပြည်နယ် ကိုယ်စားပြုအလံကို အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာပုံပါဝင်သည့်ပုံစံအား မွန်ပြည်နယ်လွှတ်တော်၌ မဲခွဲ၍အတည်ပြု

မွန်ပြည်နယ် ကိုယ်စားပြုအလံကို အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာပုံပါဝင်သည့်ပုံစံအား မွန်ပြည်နယ်လွှတ်တော်၌ မဲခွဲ၍အတည်ပြု
Published 9 June 2018

မွန်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်အလံရွေးချယ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးနေသည်ကို တွေ့ရစဉ်

မွန်ပြည်နယ်ကိုယ်စားပြုအလံကို အနီ ရောင်အောက်ခံ၊ ရွှေရောင်ဟင်္သာကိုယ်ထည်၊ စာသားမပါ၊ (၆x၄) ပေအရွယ်ကို မွန်ပြည်နယ်လွှတ်တော်၌ မဲခွဲ၍ အတည်ပြုခဲ့သည်။

ဇွန် ၇ ရက်ကပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနရုံးများတွင် မွန်ပြည်နယ် ကိုယ်စားပြုအလံသုံးစွဲရန် မွန်ပြည်နယ်အစိုးရရုံးမှ လွှတ်တော်ထံ သဘောထားတောင်းခံခဲ့သည့် အလံနှင့်ပတ်သက်၍ အောက်ခံအရောင်အပြာ၊ အနီ၊ မွန်ပြည်နယ် စာသားထည့် မထည့် ဟင်္သာအရောင်တို့ကို ဇွန် ၈ ရက်၌ ပြုလုပ်သော မွန် ပြည်နယ် လွှတ်တော်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးရေးရာ ကော်မတီဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ဆွေးနွေး အကြံပြုကြသည်။

“မွန်လူမျိုးတွေက လုံချည်အနီ၊ အင်္ကျီလည်း အနီ အဲဒီမှာ အနီရောင်နောက်ခံထည့်ဖို့၊ အဓိက မွန်ပြည်နယ်အတွက် ပြောလိုတဲ့အချက်က ဟင်္သာရယ်၊ သတ်မှတ်ထားတဲ့ အနီရောင်က၊ ကျွန်တော်တို့ မျက်စိ၊ မွန်လူမျိုးတွေရဲ့ မျက်စိမှာ ရော ခွဲခြားပြီးတော့ ရှင်းရှင်း လင်းလင်းမြင်ပါတယ်။ အသိမှတ်ပြုထားတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ရဲ့တစ်ခဲနက် ထောက်ခံချက် လိုချင်တဲ့အတွက် တစ်ခဲနက်ထောက်ခံအတည်ပြုပေးကြပါလို့ လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာသူများ၊ မွန် ပြည်နယ်သူပြည်နယ်သားများအားလုံးကို အနူးအညွတ် မေတ္တာရပ်ခံ တိုက်တွန်းနိုးဆော်အပ်ပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆွေးနွေးခဲ့သည်။

ထို့အတူ တိုင်းရင်းသားလူမျိုးရေးရာ ကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်ကလည်း အနီရောင်အား ထောက်ခံပြီး အတည်ပြုပေးရန် ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးသူများအနက် မော်လမြိုင် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က လတ်တလောတွင် အလံအား အောက်ခံ အပြာရောင်ကိုရွေးချယ်သင့်ကြောင်း အကြံ ပြုဆွေးနွေးခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက မဲခွဲရန်ဆုံးဖြတ်ခဲ့သည်။

“ဒီကနေ့ ဆွေးနွေးသွားတဲ့ထဲမှာ ဆွေးနွေးသူအားလုံး အနီရောင်ကို ထောက်ခံပါတယ်၊ အနီရောင်ကို ကန့်ကွက်တဲ့သူတစ်ဦး ရှိပါတယ်။ ဒါကြောင့်မို့လို့ အချိန်ကိုငဲ့ညှာသောအားဖြင့် အနီရောင်အောက်ခံနှင့် ဟင်္သာ ကို၊ စာသားမပါ၊ အပြာရောင်ဆိုတဲ့အဆိုကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ အချိန်ကိုငဲ့ညှာသောအားဖြင့် ဗြောင်ပဲ မဲခွဲမှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အလံနှင့် ပတ်သက်ပြီး  အနီရောင်အောက်ခံ၊ အလယ်တွင် ဟင်္သာရွှေရောင်၊ မွန်ပြည်နယ်ဆိုသော စာသားမပါ၊ အရွယ်အစား ၆ x ၄ ပေ အလံကို သဘောတူပါသလားဟု လွှတ်တော်ဥက္ကဋ္ဌက မေးမြန်းရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြောင်း သုံးကြိမ်ဖြေကြားသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူထောက်ခံကြသည့်အတွက် မွန်ပြည်နယ်အလံအား ၆ x ၄ ပေ အနီရောင် အခံ၊ ရွှေရောင်ဟင်္သာ၊ စာသားမပါအား အတည်ပြုကြောင်းကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ကြေညာခဲ့သည်။

Most Read

Most Recent