လူမှုကွန်ရက်တွင် ဂုဏ်သိက္ခာမဲ့အောင် စော်ကားရေးသားသည်ဟုဆိုကာ NLD ပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး အမျိုးသားနှစ်ဦးအား ဖမ်းဆီးစစ်ဆေး၍ အာမခံပေး

လူမှုကွန်ရက်တွင် ဂုဏ်သိက္ခာမဲ့အောင် စော်ကားရေးသားသည်ဟုဆိုကာ NLD ပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး အမျိုးသားနှစ်ဦးအား ဖမ်းဆီးစစ်ဆေး၍ အာမခံပေး
Published 9 June 2018

လူမှုကွန်ရက်တွင် ဂုဏ်သိက္ခာမဲ့အောင် စော်ကားရေးသားသည်ဟုဆိုပြီး NLD ပါတီ တိုက်ကြီးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားမှုတွင် အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေး၍ အာ မခံပေးထားကြောင်း ဇွန် ၈ ရက်တွင် စုံစမ်းသိရှိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် တိုက်ကြီးမြို့နယ်တွင် နေထိုင်ကြသော Myo Min Min  အမည်ရှိ အကောင့်ပိုင်ရှင်နှင့် ဘရန်စိုင်းအမည်ရှိ အကောင့်ပိုင်ရှင်အား တိုက်ကြီးမြို့မရဲစခန်းက စစ်ဆေးမေးမြန်းခဲ့ပြီး အာမခံပေးခဲ့ကြောင်း သိရသည်။

“တိုင်ထားတဲ့နှစ်ယောက်က တိုက်ကြီး ထဲကပဲ။ ကျွန်တော်တို့က သူတို့ကိုဖမ်းဆီးစစ်ဆေးပြီး အာမခံပေးထားတယ်” ဟု တိုက်ကြီးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မေ ၂၈ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တိုက်ကြီးမြို့ နယ်မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် အဆို တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းအဆိုတွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တို့တွင် တရားမဝင် အုတ်ဖုတ်လုပ်ငန်း၊ တရားမဝင် ငါးကန်များ တူးဖော်ခြင်း၊ တောင်များဖြိုချပြီး ရောင်းချနေမှုများ အစရှိသည်တို့ကို ထိထိရောက်ရောက် အရေးယူနိုင်ရန် ရည်ရွယ်၍ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myo Min Min အမည်ရှိ အကောင့်ပိုင်ရှင်သည် မေ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးသည့် အဆိုကို ပြန်လည်ကူးယူဖော်ပြရာတွင် ၎င်း၏ Comment  တွင် ဘရန်စိုင်းအမည်ဖြင့် အကောင့်သုံးစွဲ သူက “ချိန်းဘဒီးကိုယ့်မြို့သားတွေ တိုးဂိတ်ကြေးခံနေရတာကို အဆိုမတင်သွင်းဘဲ ဘာဦးနှောက်နဲ့အုတ်လုပ်ငန်းကို ထည့်ပြောနေရတာလဲ။ ခင်ဗျားအထက်လူကြီးတွေက ဒီမြို့ကအုတ်တွေကြောင့် ဆောက်လုပ်ရေးအတွက် အဆင်ပြေနေတာကိုသိတယ်” ဟု ရေးသားထားပြီး Myo Min Min အမည်ရှိ အကောင့်ပိုင်ရှင်က ၎င်းအောက်တွင် “တိုက်ကြီးသားတွေကိုများ အမြင်ကတ်နေတာလား မသိဘူးကွာ။ မျှတရင်တော့ မကပ်လောက်ဘူး။ သူ့ဘေးနားက သစ်မှောင်ခိုသမားတွေကို မသိသလိုနေပေးတယ်လို့ တစ်ဖက်က သတင်းပေးထားတာရှိတယ်။ မျှတဖို့ပဲလိုတာပါ။ အုတ်လုပ်ငန်းရှင် တိုက်ကြီးသားတွေက ဂျပလွတ်အဆင့်ပဲရှိတယ်။ တရုတ်အုပ်လုပ်ငန်းရှင်တွေကို ဘယ်လိုလုပ်နိုင်မလဲ စောင့်ကြည့်ရမှာပါ” ဟု ရေးသားခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အတွက်ကြောင့်အမှုဖွင့်တာပါ။  ဒါက လွှတ်တော်ကိုတင်တဲ့ တရားဥပဒေစိုးမိုးရေးအဆိုပါ။ ပုဂ္ဂလိက ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေးအဆိုတင်တာကို တရားဥပဒေ မကြိုက်တဲ့လူတွေရဲ့ ဥပဒေမဲ့ကျူးလွန်တဲ့ကိစ္စပါ” ဟု NLD  ပါတီ တိုက်ကြီးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ဇွန် ၈ ရက်တွင် ပြောကြားသည်။

 

Most Read

Most Recent