ကော့မှူးမြို့နယ်တွင်အကောင်အထည်ဖော်မည့် ဘက်စုံသုံးဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ စီးပွားအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ရှေးရှုလေ့လာသုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကော့မှူးမြို့နယ်တွင်အကောင်အထည်ဖော်မည့် ဘက်စုံသုံးဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ စီးပွားအကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ရှေးရှုလေ့လာသုံးသပ်ရန် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 9 June 2018

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကျင်းပနေပုံအား ဇွန် ၈ ရက်က တွေ့ရစဉ်

ကော့မှူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် Multi purpose Terminal ဘက်စုံသုံး ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ စီးပွား အကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ရှေးရှု လေ့လာ သုံးသပ်ရန် ပန်းဘဲတန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဇွန် ၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၂ ရက်မြောက်နေ့) တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သရက်တောကျေးရွာတွင် Multi purpose Termnial ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ငန်းစီမံကိန်း အစီရင်ခံစာ နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု ဆိပ်ကမ်းအသစ်တွေ ဆောက်မယ့်နေရာကလည်း မြန်မာနိုင်ငံရဲ့ ပင်လယ်ထွက်ပေါက် အကြီးဆုံးနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားအကျိုးအမြတ် တစ်ခုတည်းကိုသာ မကြည့်ဘဲနဲ့ အချုပ်အချာအာဏာကို ထိပါးနိုင်တဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေး ကိုရှေးရှုပြီးတော့ လေ့လာသုံးသပ်ပေးဖို့ တင်ပြရင်းနဲ့ အသေးစိတ်အချက်အလက်တွေလုပ်ပြီးမှ လွှတ်တော်ကို ပြန်လည်တင်ပြသင့်ပါတယ်”  ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် ကျောက်ဖြူစီမံကိန်းကိုပင် ပြန်လည်သုံးသပ်နေသည်ကို ကြားသိရကြောင်း၊ ကျောက်ဖြူဆိပ်ကမ်းမှာ ဒေါ်လာ ၇ ဒသမ ၅ ဘီလျံနှင့် ဆက်စပ်စီးပွားဇုန်အတွက် ဒေါ်လာနှစ်ဘီလျံဖြစ်ပြီး တရုတ်ရာခိုင်နှုန်း ၇၀၊ မြန်မာနိုင်ငံနှင့် ပြည်တွင်းကုမ္ပဏီများက ရာခိုင်နှုန်း ၃၀ဖြစ်၍ စီမံကိန်းသာ ကောင်းကောင်း အလုပ်မဖြစ်နိုင်ပါက မြန်မာဘက်က အကြွေး မဆပ်နိုင်ဘဲ တရုတ်ပိုင်ဆိပ်ကမ်းဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုက နိုင်ငံခြားကုမ္ပဏီတွေရဲ့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နံှမှုလား။ Lone ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုလား။ အတိုးနှုန်း ဘယ်လောက်လဲ။ BOT လား၊ PPP လား ဆိုတာကို သုံးသပ်ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့ ဒီစီမံကိန်းကို ယှဉ်ပြိုင်ပြီးတော့ လုပ်ကိုင်ခွင့်ပြုရမှာဖြစ်ပါတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသူများ ရွေးချယ်ရာတွင် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် လေ့လာဆန်းစစ်ချက်များအရ အဆိုးရွားဆုံး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော လုပ်ငန်းရှင်များမဖြစ်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုလည်း တိတိကျကျ ဖော်ပြပေးရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူနှင့် အကောင်အထည်ဖော်မည့်သူများမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာချုပ်စာတမ်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် ဥရောပ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ OECD ထုတ်ပြန်ချက်ကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဆွေးနွေးရာတွင် ဘက်စုံသုံးသပ် ဆိပ်ကမ်းအစား Oil Terminal သီးသန့်အဖြစ် အရင်ဦးစားပေး ဆောင်ရွက်သင့်ကြောင်း၊ စီမံကိန်းများကို ဖော်ဆောင်ရာတွင် EIA၊ SIA အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် အခြေခံအဆောက်အအုံများ၊ ရေချိုရရှိမှု၊ စွမ်းအင်ရရှိရန်တို့ကို အလေးထား စဉ်းစားပေးရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

ကော့မှူးမြို့နယ်တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်းနှင့် အခြားပြည်ပပို့ကုန်သွင်းကုန် ဆိပ်ကမ်းများပါဝင်သော ဘက်စုံသုံးဆိပ်ကမ်းတည်ဆောက်ရန် စီမံကိန်း အစီရင်ခံစာအား တိုင်းအစိုးရအဖွဲ့က ဇွန် ၅ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၀ ရက်မြောက်နေ့) တွင် လွှတ်တော်သို့ သွင်းခဲ့သည်။

အဆိုပါ စီမံကိန်းအစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးအောင်က ရှင်းလင်တင်ပြခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent