အစိုးရကို ဝေဖန်မှုများ ပြုလုပ်နေသော အကောင့်အချို့ ပိတ်သိမ်းခံရခြင်းကြောင့် မေးခွန်းထုတ်မှုများ ရှိနေသော်လည်း အကောင့်များအပေါ် ခွဲခြားမှုမရှိဘဲ စံနှုန်းတစ်ပြေးညီဖြင့်သာ ကိုင်တွယ်ဖြေရှင်းနေကြောင်း Facebook တာဝန်ရှိသူ ပြောကြား

အစိုးရကို ဝေဖန်မှုများ ပြုလုပ်နေသော အကောင့်အချို့ ပိတ်သိမ်းခံရခြင်းကြောင့် မေးခွန်းထုတ်မှုများ ရှိနေသော်လည်း အကောင့်များအပေါ် ခွဲခြားမှုမရှိဘဲ စံနှုန်းတစ်ပြေးညီဖြင့်သာ ကိုင်တွယ်ဖြေရှင်းနေကြောင်း Facebook တာဝန်ရှိသူ ပြောကြား
Published 9 June 2018

၂၀၁၈ ဇွန် ၈ ရက်တွင် ရန်ကုန်မြို့ Sedona ဟိုတယ်၌ Facebook မှ တာဝန်ရှိသူများနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံစဉ်

အစိုးရကိုဝေဖန်တိုက်ခိုက်နေသော အကောင့်အချို့ကို ယခုရက်ပိုင်းအတွင်း ပိတ်သိမ်းခြင်းများ ရှိနေသော်လည်း Facebook အနေဖြင့် အကောင့်များအပေါ် ခွဲခြားမှုမရှိဘဲ တစ်ကမ္ဘာလုံးတွင် စံနှုန်းတစ်ပြေးညီဖြင့်သာ ကိုင်တွယ်ဖယ်ရှားနေခြင်းဖြစ်ကြောင်း ၂၀၁၈ ဇွန် ၈ ရက်တွင် ရန်ကုန်မြို့ Sedona ဟိုတယ်၌ Facebook မှ တာဝန်ရှိသူများနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံစဉ် Facebook က ပြော ကြားခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Facebook မှ ဒုတိယဥက္ကဋ္ဌ ဆိုင်မွန်မီနာနှင့်အဖွဲ့တို့ ဇွန် ၆ ရက် ညနေပိုင်းတွင် နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပြီးမကြာမီမှာပင် Facebook ပေါ်တွင် အပြာရောင် အမှန်ခြစ် ရရှိထားသော ဦးလှဆွေ၏အကောင့် ပိတ်သိမ်းခံခဲ့ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်အပေါ် အွန်လိုင်းသုံးစွဲသူများအနေဖြင့် စိတ်ဝင်တစား ရှိနေကြကြောင်း သိရသည်။

သို့သော် ဦးလှဆွေအပါအဝင် မြန်မာနိုင်ငံမှ Facebook Account အချို့ပိတ်သိမ်းခံရမှုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုတိုက်တွန်းမှုကြောင့် မဟုတ်ကြောင်း ဖြေရှင်းချက်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

“Facebook မှာ သတ်မှတ်ထားတဲ့ လူမှုကွန်ရက် စံနှုန်းတွေဆိုတာ ရှိပါတယ်။ အသံတွေ ဖော်ထုတ်နိုင်ရမယ်၊ လုံခြုံမှုရှိရမယ်၊  တရားမျှတမှုရှိရမယ် စသည်ဖြင့်ရှိပါတယ်။ တစ်ဖက်မှာလည်း အမုန်းစကားတွေ၊ အနိုင်ကျင့်တာတွေ၊ အနှောင့်အယှက်ပေးတာတွေ၊ စံနှုန်းချိုးဖောက်တာတွေကို ဖယ်ရှားနေတာ ဖြစ်ပါတယ်။ အသေးစိတ်တော့ အများကြီး မပြောချင်ပါဘူး။ ပြောရရင်အရှည်ကြီး ဖြစ်နေပါမယ်။ သတ်မှတ်ထားတဲ့စံနှုန်းတွေက မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာအတူတူပဲဖြစ်ပါတယ်။ ညီတူညီမျှဆက်ဆံတာ၊ တန်းတူညီမျှ ပြောဆိုခွင့်ရှိတာတွေကို Facebook အနေနဲ့ အလေးထား အာရုံစိုက်ပါတယ်။ ဒီနိုင်ငံမှာ Facebook သုံးစွဲသူပေါင်း ၁၈ သန်းရှိနေပါတယ်။ သုံးစွဲသူဘယ်သူမဆို ပို့လိုက်သမျှ Report လုပ်လိုက်တဲ့ အကြောင်းအရာတိုင်းကို ကြည့်ရှုစိစစ်ပြီးတော့ စံနှုန်းတွေကိုချိုး ဖောက်ထားတယ်ဆိုရင် ဖယ်ရှားပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အကောင့်ဟက်ခံရတယ် ဆိုတဲ့ကိစ္စတွေကိုလည်း ဖြေရှင်းပေးနေပါတယ်။ ပိုပြီးလုံခြုံစိတ်ချမှုရှိအောင် ဘယ်လို သုံးစွဲသွားမလဲဆိုတာနဲ့ ပညာပေးအစီအစဉ်တွေကို အစိုးရပိုင်းကို ပြောပြထားတာရှိပါတယ်။ ဒီလိုပညာပေးအစီအစဉ်တွေကိုများ များပြုလုပ်ခြင်းအားဖြင့် ဒါတွေကိုကာကွယ်နိုင်မယ်လို့မြင်မိပါတယ်” ဟု Facebook ၏ Public Policy Director ဖြစ်သူ Mia Garlick က ဇွန် ၈ ရက်တွင် ပြောကြားသည်။

အစိုးရပိုင်းနှင့်တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများကို အသေးစိတ် ဖြေကြားခြင်းမရှိဘဲ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရှေ့ဆက်ချမှတ်သွားမည့်မူဝါဒဟူ၍ သီးခြားမရှိသော်လည်း သီးသန့်လုပ်ဆောင်ချက် များနှင့်အစီအစဉ်အချို့ကိုလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဥပမာအားဖြင့် Facebook အနေဖြင့် လူငယ်များအတွက်ရည်ရွယ်ပြီး  Youth Portal ကိုလုပ်ဆောင်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူငယ်များအနေဖြင့် Facebook ကို အလွန်သုံးစွဲနေသည်ကိုတွေ့ရသဖြင့် မြန်မာဘာသာစကားများဖြင့် အပြည့်အဝသုံးစွဲနိုင်မည့် ပလက်ဖောင်းတစ်ခုကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Facebook ပေါ်မှာ ဘယ်အရာတွေကို ခွင့်ပြုမယ်၊ ဘယ်အရာတွေကိုတော့ ခွင့်မပြုဘူးဆိုတာကို သတ်မှတ်ထားတာရှိပါတယ်။ Facebook အနေနဲ့ အကြမ်းဖက်မှုနဲ့ဆိုင်တာ၊ ကလေးသူငယ်နဲ့ဆိုင်တာတွေကို အလေးထားပါတယ်။ လုံခြုံမှုနဲ့တရားမျှတမှုရှိစေဖို့ ဂရုတစိုက်နဲ့ကိုင်တွယ်ပါတယ်။ သုံးစွဲသူအားလုံး စံနှုန်းတစ်ပြေးညီဖြစ်စေဖို့ ရည်ရွယ်ပါတယ်။  စံနှုန်းအသစ်တွေ၊ အသေးစိတ်သတ်မှတ်ချက်အသစ်တွေ ထပ်တိုးတယ် ဆိုပေမယ့် အရင်ကထက် အများကြီးပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ ဘယ်အရာတွေက တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်မလဲ။ အမုန်းပွားစေဖို့တိုက်ခိုက်ပြောဆို မှုတွေဟာလည်း လူမှုကွန်ရက်စံနှုန်းထဲမှာ ပါဝင်ပါတယ်။ မှားယွင်းဖယ်ရှားမှုတွေအတွက် ပြန်လုပ်ဆောင်နိုင်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။  Report လုပ်ခံရတာနဲ့ ပတ်သက်ပြီး  Request ပြန်လုပ်လို့ရပါတယ်။ Community Standard နဲ့ မကိုက်ညီလို့ ဖယ်ရှားခံရတဲ့အခါ ပြန Review လုပ်လို့ရ ပါတယ်။ ၂၄ နာရီအတွင်း ပြန် Review လုပ်ပေးမှာဖြစ်ပါတယ်။ စံနှုန်းနဲ့ကိုက်ညီမှုရှိရင်တော့ ပြန်အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်” ဟု Sheen Handoo (Content Policy Manager) က ပြောကြားသည်။

“အမုန်းစကားတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖြန့်ဝေနေတာလဲ ဆိုတာကအရေးကြီးပါတယ်။ ဒါတွေကို အလေးထား ကိုင်တွယ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent