ရန်ကုန်-စင်ကာပူ ခရီးစဉ် ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်တစ်စင်း ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သောရေခဲခြင်းဖြစ်ပွားပြီး အမြင့်ပေ ၃၇၀၀၀ မှ ၂၅၀၀၀ သို့ အရေးပေါ်ဆင်းသက်ပျံသန်းခဲ့ရ

ရန်ကုန်-စင်ကာပူ ခရီးစဉ် ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဘိုးရင်းလေယာဉ်တစ်စင်း ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သောရေခဲခြင်းဖြစ်ပွားပြီး အမြင့်ပေ ၃၇၀၀၀ မှ ၂၅၀၀၀ သို့ အရေးပေါ်ဆင်းသက်ပျံသန်းခဲ့ရ
Published 9 June 2018

ရန်ကုန်-စင်ကာပူ ခရီးစဉ်ပျံသန်းလာသော မြန်မာအမျိုးသားလေကြောင်းလိုင်းမှ  ဘိုးရင်းလေယာဉ်တစ်စင်း ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သောရေခဲမှုဖြစ်ပွားပြီး အမြင့်ပေ ၃၇၀၀၀ မှ ၂၅၀၀၀သို့ အရေးပေါ် ဆင်းသက်ပျံသန်းခဲ့ရကြောင်း အဆိုပါလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၇ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB 001 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းလာသည့် ဘိုးရင်းလေယာဉ်တစ်စင်းသည် အမြင့်ပေ ၃၇၀၀၀ အထိ တက်ရောက်ပျံသန်းခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့တက်ရောက် ပျံသန်းချိန်တွင် ရာသီဥတုမှာ တိမ်ထူထပ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အမြင့်ပေ ၃၇၀၀၀ မှပျံသန်းလာပြီး ပျံသန်းချိန် မိနစ် ၅၀ ခန့်အကြာ မြိတ်မြို့အနောက်ဘက်မိုင် ၃၀ ခန့်အကွာတွင် ရာသီဥတုဆိုးရွားမှုကြောင့် ပြင်းထန်သော ရေခဲခြင်းဖြစ်ပွားပြီး Air Speed လျင်မြန် စွာကျဆင်းခဲ့ကြောင်း သိရသည်။ ယင်းအချိန်တွင် လေယာဉ်၏ ကွန်ပျူတာစနစ်မှ  Air Speed Low Warning and Stick Shaker Warning  များ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ သတိပေးမှုများပေါ်ထွက်ခဲ့ပြီး  လေယာဉ်အား အမြင့်ပေ ၃၇၀၀၀ တွင် ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိသဖြင့် Auto Pilot ဖြုတ်ကာ ပေ ၂၅၀၀၀ သို့ ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

ယင်းကဲ့သို့ လျင်မြန်စွာဆင်းသက်ရခြင်းကို သက်ဆိုင်ရာလေကြောင်းထိန်းသို့ သတင်းပေးပို့ခဲ့ပြီး အမြင့်ပေ ၂၅၀၀၀ သို့ အရောက်တွင် လေယာဉ်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် စင်ကာပူနိုင်ငံသို့ ဆက်လက်ထွက်ခွာ ခဲ့ပြီး စင်ကာပူလေဆိပ်သို့ စင်ကာပူစံတော်ချိန် နံနက် ၁၁ နာရီမိနစ် ၄၀ တွင် အဆင်ပြေစွာ ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးက မှန်ကန်စွာဆုံးဖြတ်နိုင်သဖြင့် လေယာဉ်နှင့် ခရီးသည်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိခြင်း အတွက် Safety ကို ဦးစားပေးလုပ်ဆောင်ခဲ့သော လေယာဉ်မှူးနှင့် လေယာဉ်အမှူထမ်း များအား မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်များကိုလည်း စိုးရိမ်မှုဖြစ်စေခဲ့သဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အနူးအညွတ် တောင်းပန်ခဲ့ပြီး နောက်နောင်တွင် လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် Safety ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“သတ်မှတ်အမြင့်ပေကနေ မောင်းနေရာက ရာသီဥတုကဆိုးရွားပြီး အေးလာလို့ လေယာဉ်က ရေခဲတာပေါ့။ ဒါကြောင့်မို့ လေယာဉ်မှူးက အအေးပေါ့သွားအောင် အပူချိန်တက်လာအောင် အောက်ကိုရုတ်တ ရက်ဆင်းလိုက်တာပါ။ ဒီဖြစ်စဉ်မှာ လေယာဉ်မှူးက လေယာဉ်ကွန်ပျူတာစနစ်ရဲ့ သတိပေးချက်တွေအတိုင်း ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို အစီအစဉ်တကျ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့လို့ အခုလိုဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့တာပါ” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အင်ဂျင်နီယာမှူး ကြီး ဦးလွင်မိုးဇော်က ပြောကြားသည်။

Most Read

Most Recent