မြောင်းမြတွင် H1N1 ရောဂါဖြင့် သေဆုံးခဲ့သူ၏ ကလေးငယ်တွင် ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိသောကြောင့် စောင့်ကြည့်ကုသနေ

မြောင်းမြတွင် H1N1 ရောဂါဖြင့် သေဆုံးခဲ့သူ၏ ကလေးငယ်တွင် ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိသောကြောင့် စောင့်ကြည့်ကုသနေ
Published 22 August 2017

မြောင်းမြမြို့တွင် H1N1 ရောဂါဖြစ်ပွားနေသူတစ်ဦးနှင့် သံသယရှိလူနာတစ်ဦး သေဆုံးခဲ့ပြီးနောက် ကလေးငယ်တစ်ဦးကိုပါ ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိသောကြောင့် စောင့်ကြည့်ကုသနေရကြောင်း မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီး၏ သြဂုတ် ၂၁ ရက် မှတ်တမ်းများအရ သတင်းရရှိသည်။

“စကမြားက ဒေါ်သူဇာခိုင်က ရောဂါဖြစ်တာ မြန်ဆန်ပြီးတော့ အသက်ဆုံးပါးသွားတာကြောင့် Naso- pharymgeal swab ကိုယူပြီးတော့ စစ်ဆေးတော့ H1N1 လို့ အတည်ပြုချက်ရပါတယ်။ အခု စက်ကုန်းက ဒေါ်စန္ဒာဝင်းကတော့ သံသယရှိလူနာပါ Naso- pharymgeal swab ကိုပေးပို့ထားတုန်းပဲ ရှိပါတယ်။ နောက်တစ်ဦးကတော့ အသုတ်တိုက်နယ်ဆရာဝန်ရဲ့ သမီးလေးပါ။ သူ့အမျိုးသမီးကလည်း H1N1 နဲ့ အသက်ဆုံးသွားတာမို့ အဖေဖြစ်သူက သူ့သမီးမှာ သူ့အမျိုးသမီးတုန်းကလိုပဲ ရောဂါလက္ခဏာ တွေ့နေရပါတယ်ဆိုပြီး လာရောက်ပြသလို့ ကျွန်တော်တို့က စစ်ဆေးကုသစောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ H1N1 ရောဂါကာကွယ်ဆေးနဲ့ ပက်သက်လို့ကတော့ ကျွန်တော်တို့မြို့နယ်မှာ ယနေ့အချိန်ထိ ကျန်းမာရေးဝန်ထမ်း ၁၂၀ ကို ကာကွယ်ဆေးများ ထိုးပေးပြီးသွားပါပြီ” ဟု မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာက ပြောကြားသည်။

မြောင်းမြတွင် H1N1 ရောဂါပိုး စတင်တွေ့ရှိရသူမှာ စစ်ကွင်းကျေးရွာအုပ်စု ကျားကွင်းကျေးရွာနေ ဒေါ်သူဇာခိုင် (၃၀ နှစ်) ဖြစ်ပြီး စကားမြားတိုက်နယ်ဆေးရုံမှ တစ်ဆင့် မြောင်းမြဆေးရုံကြီးသို့ ဆေးလာရောက်ကုသစဉ် သြဂုတ် ၁၄ ရက်တွင် သေဆုံးခဲ့ကြောင်း၊ ဒုတိယလူနာမှာ စက်ကုန်းကျေးရွာအုပ်စု တောင်ပူစာကျေးရွာနေ ဒေါ်စန္ဒာဝင်း (၃၅ နှစ်) ဖြစ်ပြီး သြဂုတ် ၁၇ ရက်တွင် ဖျားနာမှုကြောင့် သြဂုတ် ၁၉ ရက်တွင် ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက် ဆေးကုသခဲ့သော်လည်း သက်သာခြင်း မရှိသောကြောင့် သြဂုတ် ၂၀ ရက်တွင် မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း၊ မြောင်းမြဆေးရုံကြီးသို့ ရောက်ရှိပြီးနောက် ညနေပိုင်းတွင် သေဆုံးသွားကြောင်း၊ ဒေါ်စန္ဒာဝင်း၏ ရောဂါလက္ခဏာများမှာ H1N1 ရောဂါဟု သံသယရှိသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် အမျိုးသား ဓာတ်ခွဲခန်းဌာနသို့ ပို့ဆောင်ထားကြောင်း၊ သံသယရှိလူနာမှာ အသုတ်တိုက်နယ်ဆရာဝန် ဒေါက်တာအောင်မျိုးဦး၏ သမီးဖြစ်ပြီး မိခင်ဖြစ်သူမှာ H1N1 ရောဂါဖြင့် သေဆုံးသွားခဲ့သူ မဖြိုးဖြိုးသိမ့်ဖြစ်ကြောင်း၊ မိခင်ဖြစ်သူကဲ့သို့ H1N1 ရောဂါလက္ခဏာအချို့ တွေ့ရှိရသောကြောင့် စောင့်ကြည့် ကုသပေးနေလျက်ရှိကာ အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့ထားဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သြဂုတ် ၂၀ ရက်ထိ သတင်းထုတ်ပြန်ချက်များအရ H1N1 ရောဂါ သံသယရှိသူ ၈၆ ဦးရှိပြီး ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုနိုင်သည့် လူနာ ၃၈ ဦးအထိရှိကာ ၁၂ ဦးအထိ သေဆုံးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် H1N1 ရောဂါဖြင့် အသက်သေဆုံးရသူဦးရေ အများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent