ဘဏ်များကို အပ်နှံသော ငွေများတွင် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ တွေ့ရှိဟု ပြည်ထဲရေး ထုတ်ပြန်

ဘဏ်များကို အပ်နှံသော ငွေများတွင် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ တွေ့ရှိဟု ပြည်ထဲရေး ထုတ်ပြန်
Published 22 August 2017

ရန်ကုန်မြို့၊ မြို့နယ် ခြောက်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်များ၌ ဘဏ်များသို့ လာရောက် အပ်နှံသည့် ငွေများအနက် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တွေ့ရှိခဲ့သော ရန်ကုန်မြို့ရှိ မြို့နယ် ခြောက်မြို့နယ်မှ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့ နယ်၊ ဒလမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင် အနောက်ရပ်ကွက် ကမ်းနားလမ်းရှိ ကမ္ဘာ့ရတနာဘဏ်သို့ ဒေါ်... အပါအဝင် ၄၃ ဦး လာရောက် အပ်နှံသည့်ငွေများအနက် တစ်သောင်းတန် ငွေစက္ကူ အတု ၄၇ ရွက်နှင့် ငါးထောင်တန်ငွေစက္ကူအတု လေးရွက်တို့အား ဘဏ်မှ လက်ထောက်မန်နေဂျာဖြစ်သူက ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်မှ ၂၅ ရက် အတွင်း လှိုင်သာယာမြို့နယ် (၄) ရပ်ကွက် ရန်ကုန်-ပုသိမ်လမ်း FMI City အိမ်ရာရှိ ရိုးမဘဏ်သို့ မ.... အပါအဝင် ခုနစ်ဦးမှ လာရောက် အပ်နှံသည့် ငွေများအနက် တစ်သောင်းတန်ငွေစက္ကူအတု ၁၀ ရွက် တွေ့ရှိရ၍ လက်ထောက်မန်နေဂျာက လှိုင်သာယာ မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း၊ အဆိုပါ ငွေစက္ကူများအား မှုခင်းရဲတပ်ဖွဲ့မှ စိစစ်ခဲ့ရာ နိုင်ငံခြားငွေစက္ကူ အတုဖြစ်ကြောင်း၊ အတုသည် အစစ်ထက် အလျားနှင့်အနံ တစ်မီလီမီတာ တိုကြောင်း၊ အနံမှာ တစ်မီလီမီတာ ရှည်ကြောင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာ ပါရှိကြောင်း၊ ကာလာပရင်တာဖြင့် တုပထားခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ လှိုင်သာယာမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဒလမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များတွင် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်ခွဲများသို့ လာရောက်ပေးသွင်းသည့် ငွေစက္ကူများအနက် တစ်သောင်းတန် ငွေစက္ကူအတု ၅၃ ရွက်နှင့် ငါးထောင်တန် ငွေစက္ကူအတု ငါးရွက်တို့ကို သက်ဆိုင်ရာ ရဲစခန်းများသို့ လာရောက် အပ်နှံပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent