မြန်မာနိုင်ငံတွင် စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ် ပျမ်းမျှဂါလန် သန်း ၇၀၀ ခန့် ဝယ်ယူ တင်သွင်း သုံးစွဲနေသော်လည်း စက်သုံးဆီ သိုလှောင်နိုင်မှု ဂါလန် ၅၃ သန်းခန့်သာ ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု လုံလောက်ရန် လိုအပ်ချက်ပမာဏ များစွာရှိနေဟု ဆို

မြန်မာနိုင်ငံတွင် စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ် ပျမ်းမျှဂါလန် သန်း ၇၀၀ ခန့် ဝယ်ယူ တင်သွင်း သုံးစွဲနေသော်လည်း စက်သုံးဆီ သိုလှောင်နိုင်မှု ဂါလန် ၅၃ သန်းခန့်သာ ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု လုံလောက်ရန် လိုအပ်ချက်ပမာဏ များစွာရှိနေဟု ဆို
Published 8 June 2018

မြန်မာနိုင်ငံတွင် စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ် ပျမ်းမျှဂါလန် သန်း ၇၀၀ ခန့် ဝယ်ယူ တင်သွင်း သုံးစွဲနေသော်လည်း စက်သုံးဆီ သိုလှောင်နိုင်မှု ဂါလန် ၅၃ သန်းကျော်ခန့် ရှိသဖြင့် ပြည်တွင်းသုံးစွဲမှု လုံလောက်ရန် လိုအပ်ချက်ပမာဏ များစွာရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး (၄၀ ရက်မြောက်နေ့) တွင် ဝန်ကြီး ဦးဇော်အေးမောင်က ကော့မှူးမြို့နယ်တွင် စက်သုံးဆီ သိုလှောင်ဖြန့်ခြင်းနှင့် အခြား ပြည်ပပို့ကုန်သွင်းကုန် ဆိပ်ကမ်းများ ပါဝင်သော ဘက်စုံသုံးဆိပ်ကမ်း တည်ဆောက်ရန် စီမံကိန်း အစီရင်ခံစာအား တိုင်းအစိုးရအဖွဲ့ ကိုယ်စားလွှတ်တော်သို့ သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ အနေနဲ့ စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ်ပျမ်းမျှ ဂါလန် သန်း ၇၀၀ ခန့် ဝယ်ယူ တင်သွင်း သုံးစွဲနေရပြီး စွမ်းအင်ဝန်ကြီးဌာနရဲ့စာရင်းဇယားအရ တရားဝင် စက်သုံးဆီ သိုလှောင်နိုင်မှုမှာ ဂါလန် ၅၃ ဒသမ ၆၇၁ သန်းခန့်သာ ရှိသဖြင့် စက်သုံးဆီအတွက် ပြည်တွင်းသုံးစွဲမှု လုံလောက်ရန် လိုအပ်ချက်ပမာဏ များစွာရှိနေသေးတာကို တွေ့ရှိရပါတယ်”ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ပြည်တွင်း ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ဝန်ဆောင်မှုစရိတ်စက သက်သာစေရေးအတွက် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်ထုတ်စွမ်းအား မပြည့်ဝခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေ ငါးဘီလျံခန့် ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုများ ဆွဲဆောင်နိုင်ရေး၊ Export Oriented ဖြစ်လာစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး စသည့် ရည်ရွယ်ချက်များနှင့်အညီ စက်သုံးဆီ အစရှိသည့် Multipurpose Terminal ဆိပ်ကမ်းတစ်ခု ဆောင်ရွက်နိုင်ရန် ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာနှင့် ကွမ်းခြံကုန်းမြို့နယ်၊ တော်ဓလူးကျေးရွာအကြားတွင် ဆောင်ရွက်ရန် သင့်လျော်မှုရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ Multipurpose Terminal ဆောက်လုပ်ရန်အတွက် မြေဧရိယာ ဧက ၁၀၅၃ ဧကခန့်ကို လျာထား သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းသစ်သည် ဘက်စုံသုံး ဆိပ်ကမ်းဖြစ်ခြင်းနှင့်အညီ ပြည်တွင်းမှ ထွက်ရှိသည့် ဆန်စပါး၊ ဂျုံ၊ ပဲအမျိုးမျိုးကို တင်ပို့ ခြင်း၊ စက်မှုဇုန်များမှ ထွက်ရှိသည့် ပြည်ပပို့ကုန်များ တင်ပို့ခြင်းနှင့် ကုန်ကြမ်းများ တင်သွင်းခြင်း၊ ပြည်တွင်းလိုအပ်ချက် ရှိသည့် စားသုံးဆီ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့် စက်သုံးဆီ တင်သွင်းခြင်း စသည့် ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် အဓိကအားဖြင့် ဆိပ်ကမ်းကိုးခုဖြင့် ကုန်သွယ်မှု ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှ သယ်ယူပို့ဆောင်သည့် ထုတ်ကုန်သွင်းကုန်၏ ၉၅ ရာခိုင်နှုန်း စီမံခန့်ခွဲလျက် ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းများ အနေဖြင့် လက်ရှိတွင် သင်္ဘော ၄၆ စင်း တစ်ပြိုင်နက် ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး ရန်ကုန်ဆိပ်ကမ်းတွင် ၂၆ စီးနှင့် သီလဝါဆိပ်ကမ်းတွင် အစင်း ၂၀ ဆိုက်ကပ်နိုင်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါ ကုန်သွယ် သင်္ဘောလိုင်းပေါင်း ၂၀ မှ သင်္ဘော ၄၆ စီးသည် ရန်ကုန်ဆိပ်ကမ်းကို အသုံးပြုလျက်ရှိပြီး စင်္ကာပူူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နှင့် တိုက်ရိုက် ကုန်သွယ်လျက် ရှိသော်လည်း လက်ရှိ ဆိပ်ကမ်းများမှာ ဖွဲ့စည်းပုံသေးငယ်ပြီး လုပ်ငန်းငယ်များကိုသာ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent