<

သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရသည့်အချိန်တွင် ၎င်းအနေဖြင့် မိသားစုနှင့်အတူ ပြင်ဦးလွင်သို့ ရောက်ရှိနေကြောင်း တရားစွဲဆိုခံထားရသူ အောင်ကိုကိုက တရားရုံး၌ ထွက်ဆို

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရသည့်အချိန်တွင် ၎င်းအနေဖြင့် မိသားစုနှင့်အတူ ပြင်ဦးလွင်သို့ ရောက်ရှိကြောင်း တရားစွဲဆို ခံထားရသူ အောင်ကိုကိုမှ အရှေ့ပိုင်းခရိုင် တရားရုံး၌ ဇွန် ၇ ရက်က ထွက်ဆိုခဲ့သည်။

သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သတ်ပြီး ရာဇသတ်ကြီး ပုဒ်မ- ၃၀၂(၁)(ခ) ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဖက် ခရိုင်တရားသူကြီး(၉) တရားခွင်၌ တရားစွဲဆို ခံထားရသူ အောင်ကိုကိုအား ဇွန် ၇ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် အောင်ကိုကိုမှ ၎င်းအနေဖြင့် သေဆုံးသူ ဝေယံဟိန်းအား မသိရှိကြောင်း၊ ဝေယံဟိန်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ပတ်သက်မှုအား မသိရှိကြောင်းနှင့် ၎င်းတို့နှစ်ဦး ပတ်သက်မှုရှိသည်ကို ရဲစခန်းရောက်ရှိမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရှိရကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်။

ဆက်လက်၍ အောင်ကိုကိုမှ ၎င်းအနေဖြင့် ၂၀၁၇၊ ဧပြီ ၁၈ ရက်က မိသားစုနှင့်အတူ ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးအတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ရှိနေခဲ့ကြောင်း၊ ယင်းသို့ စားသောက်နေစဉ် ၎င်း၏ သားဖြစ်သူ ဂိမ်းကစားနေသည့် လက်တော့ပ်ကို ဇနီးနှင့် စကားများ ရန်ဖြစ်ရာမှ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အောင်ကိုကို၏ ထွက်ဆိုမှုအပြီးတွင် တရားလိုဘက်မှ ရှေ့နေတစ်ဦးက ပြန်လှန် မေးမြန်းမှုအချို့ ပြုလုပ်ခဲ့ကြောင်းနှင့် ဇွန် ၇ ရက် ရုံးချိန်းတွင် အောင်ကိုကိုပါ သုံးဦးအား ရုံးထုတ်ခဲ့ပြီး ရုံးချိန်းအား ဇွန် ၁၄ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါအမှုအား ၂၀၁၇ ခုနှစ် မေ ၁၈ ရက်တွင် စတင် တရားစွဲဆိုခဲ့ပြီးနောက် တရားရုံးမှ ဆက်လက် စစ်ဆေးခဲ့ပြီး အမှုမှ တရားစွဲဆိုခံထားရသော ကျူးလွန်သူ အောင်ကိုကိုအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ) ဖြင့် လည်းကောင်း၊ အောင်ကိုကိုနှင့်အတူ အခင်းဖြစ် ဂျာနယ်တိုက်သို့ လိုက်ပါလာခဲ့ပြီး ဓားဖြင့် ထိုးသတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုသော ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ကိုကို၏ ဇနီး မအယ်နီ(ခ)ရိုစီ ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၀၂ ဖြင့် လည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

June 8, 2018














Copy Protected by Chetan's WP-Copyprotect.