ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ငါးလအတွင်း မိုင်းနင်း ပေါက်ကွဲမှု ၆၈ ကြိမ် ဖြစ်ပွားပြီး ဒဏ်ရာရသူ ၆၉ ဦးနှင့် သေဆုံးသူ ရှစ်ဦးအထိ ရှိခဲ့

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ငါးလအတွင်း မိုင်းနင်း ပေါက်ကွဲမှု ၆၈ ကြိမ် ဖြစ်ပွားပြီး ဒဏ်ရာရသူ ၆၉ ဦးနှင့် သေဆုံးသူ ရှစ်ဦးအထိ ရှိခဲ့
Published 8 June 2018

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မေလကုန်အထိ ငါးလအတွင်း မိုင်းနင်း ပေါက်ကွဲမှု ၆၈ ကြိမ်၊ ဒဏ်ရာရ ၆၉ ဦး၊ သေဆုံး ရှစ်ဦးအထိ ရှိခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ ယခုနှစ်တွင် မိုင်းပေါက်ကွဲမှု အများဆုံးမှာ တနိုင်းဒေသ၊ ဖားကန့်ဒေသတွင် အမြင့်ဆုံးဖြစ်နေပြီး ရက်ဆက် ပေါက်ကွဲမှုများပါ ဖြစ်ပေါ်ခဲ့သည်။

မှတ်တမ်းများအရ မိုင်းပေါက်ကွဲမှုများမှာ ပယင်းရှာခြင်း၊ အမဲလိုက်ခြင်း၊ ကျွဲ၊ နွားရှာခြင်း၊ ငါးရှာခြင်း၊ တောင်ယာနှင့် လယ်ခြုံများ ရှင်းလင်းခြင်း၊ ဟင်းသီးဟင်းရွက်ခူးသွားခြင်း စသည့်အကြောင်းများကြောင့် ဖြစ်နေကြောင်း မှတ်တမ်းများအရ သိရသည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက “အဖြစ်အများဆုံး နေရာက ဖားကန့်ဒေသရယ်၊ တနိုင်းဘက်ရယ် များတယ်၊ သံလမ်းရိုးက မြို့ရွာတွေနဲ့ ဗန်းမော်ဘက်ကလည်း ကွဲတာရှိပါတယ်။ မိုင်းနင်းတဲ့ အကြောင်းကတော့ များတယ်။ လယ်သွား၊ တောင်ယာသွား၊ သားငါးရှာ၊ အမဲလိုက်၊ ကျွဲ၊ နွားကျောင်းပေါ့။ နောက်ပြီး ဟင်းသီးဟင်းရွက် သွားကောက်တဲ့သူတွေလည်း ထိကြတယ်။ နောက်ပြီး မိုင်းအသိ နည်းတာတွေလည်း ပါတယ်။ ပေါက်ကွဲအက် အပက - ၃ နဲ့ အမှုဖွင့်တာလည်း မရှိသလောက်ပဲ။ တစ်ဖက် အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ဟာတွေက ဘာမှလုပ်မရဘူးလေ။ လွန်ခဲ့တဲ့လက မီးရထား မိုင်းခွဲခံရတာလည်း အမှုဖွင့်တာ မရှိပါဘူး”ဟု ပြောကြားသည်။

မေ ၂၆ ရက်တွင် ဆားမှော်ကျေးရွာမှ ညီအစ်ကို နှစ်ဦး မိုင်းကွဲပြီးနောက် အစ်ကိုဖြစ်သူမှာ မိုင်းဒဏ်ရာဖြင့် ပြန်လာနိုင်ခဲ့ပြီး ညီဖြစ်သူမှာ သေသည်အထင်ဖြင့် တောထဲတွင် ချန်ထားခဲ့ရာ ရက်လည်ဆွမ်းသွပ်သည့်နေ့တွင် ပြန်လည် ရောက်ရှိခဲ့သည်။

ဆားမှော်ကျေးရွာမှ ဆရာဦးမြင့်ဆွေ က “လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကတော့ မိုင်းက အထိနာသွားတယ်။ လူ ၂၀ ထိတယ်။ ရှမ်းဗမာ ခုနစ်ဦး၊ ကချင် လေးဦး သေသွားတယ်။ မိုင်းဆင်ရင်း ကွဲတာလည်း ပါတာပေါ့။ နင်းမိတာလည်း လယ်တဲဘေး။ ငါးသွားရှာတဲ့လမ်း၊ လယ်ကွင်းတွေထဲ ကွဲကုန်တာ။ ခြေပြတ်တာက နှစ်ယောက် ရှိသွားတယ်။ အခု ကလေးနှစ်ယောက်ကတော့ ကေအိုင်အေ စခန်းဘက်အသွား လမ်းဘေးမှာ ကွဲတာ။ ဘယ်သူ့အပြစ်ဆိုရမလဲ။ အဲဒီဘက်က ငါးလည်းရတော့ ဆင်းရဲသားတွေ သွားလုပ်စားကြတာလေ။ ညီဖြစ်သူ သေပြီထင်ပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းတောင် ကပ်ပြီးပြီ။ ပြန်ရောက်လာတာ။ အခု ညီအစ်ကိုနှစ်ယောက်လုံး မြစ်ကြီးနား တပ်မတော်ဆေးရုံမှာလို့ သိရတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး ပျက်ပြယ်ပြီးနောက်ပိုင်း လစဉ် မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၈၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။၂၀၁၆ ခုနှစ်အတွင်း လစဉ်မြေမြုပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၂ ဦး သေဆုံးကာ ၅၂ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။ ကချင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်တွင် လစဉ် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၆၂ ဦး ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက် နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ခြောက်နှစ်ကျော် ကာလအတွင်း မိုင်းပေါက်ကွဲမှု အကြိမ်ပေါင်း ၄၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ဒဏ်ရာရသူ ၅၀၆ ဦးအနက် သေဆုံးသူပေါင်း ၁၂၀ ရှိနေကြောင်း ပြည်နယ်ရဲစခန်း မှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။

 

Most Read

Most Recent