ဥပဒေအရာရှိ အမျိုးသမီးတစ်ဦး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည် ဆိုသော အိမ်အကူ မကရင်မ၏ အမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေပိုင်းအရ အကူအညီများပေးမည်

ဥပဒေအရာရှိ အမျိုးသမီးတစ်ဦး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည် ဆိုသော အိမ်အကူ မကရင်မ၏ အမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေပိုင်းအရ အကူအညီများပေးမည်
Published 8 June 2018

မကရင်မ၏ သားသမီးငယ်များ နေထိုင်သည့်အိမ်သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံအားပေးနေစဉ် (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ဥပဒေအရာရှိ အမျိုးသမီးတစ်ဦး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည်ဆိုသော အိမ်အကူ မကရင်မ၏အမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေပိုင်းအရ အကူအညီများ ပေးမည်ဖြစ်ကြောင်း သိရသည်။

တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးတို့၏ အကူအညီ တောင်းခံမှုအရ မကရင်မ သေဆုံးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ လိုအပ်သော ဥပဒေဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဇွန် ၅ ရက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကူညီဖို့ ကျွန်တော့်ဆီကို မနေ့က စာပို့လိုက်ပါတယ်။ သူတို့ ရှေ့နေအခမဲ့ လိုက်ပေးမယ်ပေါ့။ ဥပဒေဆိုင်ရာရော အကူအညီပေးမယ်ပေါ့” ဟု တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ဇွန် ၇ ရက်တွင် ပြောကြားသည်။

အိမ်အကူ မကရင်မမှာ တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး မိသားစု စားဝတ်နေရေးအရ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများတွင် ဖော်ပြသည်။ ယင်းသို့ လုပ်ကိုင်နေခဲ့ပြီးနောက် အိမ်ရှင် အမျိုးသမီးဖြစ်သည့် ဥပဒေအရာရှိ ဒေါ်စန္ဒီစု (၃၂ နှစ်) က ၂၀၁၈ ခုနှစ် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် မကရင်မကို တွံတေးမြို့နယ်သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

ဥပဒေအရာရှိ ဒေါ်စန္ဒီစု ပြန်သွားသည့်အချိန်တွင် ရွာသူရွာသားများက မကရင်မကို မေးမြန်းကြရာ ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆို၍ ၎င်းကို ဒေါ်စန္ဒီစုက ခြေထောက်ဖြင့် ကန်ကာ ကျောက်ပျဉ်ဖြင့်ထုသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပြီး မကရင်မ၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကရင်မကို ရွာသူရွာသားများက ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်စဉ် မကရင်မမှာ သေဆုံးသွားခဲ့ပြီး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်တွင် မကရင်မမှာ ဦးခေါင်း ယာချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းညိုမည်းဒဏ်ရာ၊ အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများ တွေ့ရှိကြောင်း ပါရှိသည်ဟု သိရပြီး အဆိုပါဒဏ်ရာများမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဖြစ်သည်ဟု မှုခင်းဆရာဝန်က ခန့်မှန်းထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရာရှိ ဒေါ်စန္ဒီစုကို တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပြီး တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၄ ရက်က ဦးဉာဏ်ဝင်း ဦးဆောင်သည့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ အားလုံး ဥပဒေနှင့်အညီ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လွပ်လပ်မှု အခွင့်အရေးများ ရစေလိုကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံရသူများ အနေဖြင့်လည်း ဥပဒေဆိုင်ရာ အထောက်အကူများ ရရှိစေလိုကြောင်း စသည်တို့အား မှာကြားခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent