<

လက်ရှိနှမ်းဈေးနှုန်းသည် မန္တလေးဈေးကွက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး စံချိန်တင်ဈေးအဖြစ် ရောက်ရှိ

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ၀ယ်ရောင်းပြုလုပ်နေသူများအား တွေ့ရစဉ်

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် လက်ရှိနှမ်းဈေးနှုန်းသည် မန္တလေးဈေးကွက်တွင် ဆယ်စုနှစ်တစ်စုအတွင်း အမြင့်ဆုံး စံချိန်တင်ဈေးအဖြစ် ရောက်ရှိနေကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။

“ဒီနှစ်က စံချိန်တင် အမြင့်ဆုံးဈေးလို့ ပြောရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်နှမ်း ကျပ် ၁၂၃၀၀၀ ဈေးက အမြင့်ဆုံးဈေးလို့ ထင်ခဲ့ပေမဲ့ ဒီနှစ်မှာ ၄၅ ပိဿာဝင် တစ်အိတ်ကို ၁၄၈၀၀၀ ဖြစ်လာခဲ့တယ်။ အဲဒါကြောင့် နှမ်းက ဒီနှစ်မှာတော့ စံချိန်တင် အမြင့်ဆုံးဈေးလို့ ပြောလို့ရတယ်။ နှမ်းညိုအနေနဲ့ မနှစ်က ၉၃၀၀၀ အမြင့်ဆုံးဖြစ်ခဲ့ပြီး အခုလက်ရှိမှာတော့ နှမ်းညိုက ၁၁၇၀၀၀ အထိ ဈေးရှိတယ်။ နှမ်းဖြူရိုးရိုး ဈေးနှုန်းအစမှာပင် စိုက်၍ပေါ်ကတည်းက ဈေးနှုန်းက အမြင့်ဆုံး ဈေးနှုန်းလို့ ပြောလို့ရတယ်။ နှမ်းက သိသိသာသာ တရုတ်ဝယ်လက် များလာတဲ့ပစ္စည်း ဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီးပဲ နှမ်းအသင်းဥက္ကဋ္ဌ ဦးချွန်က ဆိုသည်။

“ဒီဘက်ပိုင်းမှာ နှမ်းကို တောင်ပေါ်ဝယ်လက်တွေ ဆုံလာခဲ့တဲ့အတွက် ဈေးတွေပိုတက်လာတာ ရှိပါတယ်။ ဂျပန်နှမ်းဆိုရင် အရင် ကျပ် ၁၃၈၀၀၀ ကနေ ၁၄၈၀၀၀ တစ်အိတ်ကို ၁၀၀၀၀ အထိ တက်လာတာ ရှိပါတယ်။ နှမ်းဖြူရိုးရိုးက ၁၂၃၀၀၀ ကနေ ၁၃၅၀၀၀ အထိ ရိုးရိုးနှမ်းဖြူ တက်လာတယ်။ နှမ်းညိုက ၁၀၀၀၀၀ ၀န်းကျင်လောက်ကနေ ၁၁၅၀၀၀ တက်လာတာ ရှိပါတယ်။ အရင်တုန်းကဆို လိုင်းတန်းတစ်မျိုးတည်းတက်တာ ရှိပေမဲ့ အခုကရောင်စုံ အမျိုးအစားအစုံ တက်လာတာ ရှိပါတယ်။ နှမ်းဖြူရော နှမ်းနက်ရော နှမ်းညို တက်လာတာ ရှိပါတယ်။ ထူးထူးခြားခြား တက်လာတာက နှမ်းညိုပါ။ နှမ်းညိုက အရင် ၈၅၀၀၀-၉၀၀၀၀-၉၅၀၀၀။ မနှစ်ကဆို ကာလတိုဒီအချိန်မှာ နှမ်းညို ၇၆၀၀၀-၇၈၀၀၀ ပဲ ရှိပါတယ်။ ဒါဒီနှစ်ဆို ရာသီအရရော နှမ်းစိုက်တာ စောစောပိုင်းက ပျက်တာ များတာရော အ၀ယ်သန်တဲ့အတွက် နှမ်းညိုဈေးနှုန်းဟာ ၁၁၀၀၀၀ လောက်အထိ ဈေးတက်လာခြင်း ဖြစ်ပါတယ်။ ဒီနှမ်းဈေးက ဒီဘက် ဆယ်စုနှစ်ထဲမှာတော့ စံချိန်တင် အမြင့်ဆုံးဈေးလို့ ပြောရင်ရပါတယ်” ဟု ဦးချွန်က ပြောကြားသည်။

အဆိုပါ နှမ်းများကို မန္တလေးဈေးကွက်ကို မကွေးတိုင်းဒေသကြီး အောင်လံ၊ စလင်းနှင့် ဆင်ဖြူကျွန်းတို့မှ အများဆုံး ၀င်ရောက်လျက်ရှိကြောင်း၊ မကွေးတိုင်း ရေစကြိုနယ် မန္တလေးတိုင်း မိထ္ထီလာနယ် ကျောက်ဆည်နယ်တို့မှလည်း ၀င်ရောက်ကြကြောင်း၊ ကျောက်ဆည်ဘက်မှ ရေသွင်းစိုက်သည့် ဂျပန်နှမ်းလည်း ဈေးကွက်ထဲ စ၀င်လာကြောင်း၊ ယခုလက်ရှိ အပေါ်ပိုင်း ကသာတို့ဘက်ပိုင်း နှမ်းတွေကတော့ မပေါ်သေးကြောင်း၊ ရေသွင်းထားပြီး စောစောပိုင်းပဲ စိုက်ပြီးတဲ့နောက် စစိုက်လို့ရသည့် ပထမဦးဆုံး စိုက်ထားတဲ့နှမ်းတွေပေါ်သည့်အတွက် နှမ်းရဲ့အရည်အသွေးကလည်း ကောင်းကြောင်း၊ လက်ရှိထွက်သည့် နှမ်းအရေအတွက် နည်းပါသေး၍ နောက်တစ်လဆိုလျှင် နှမ်းထွက်အားနှုန်းများလာကာ လက်ရှိတရုတ်နိုင်ငံကို အဓိကပို့ကုန်အဖြစ် အများဆုံး တင်ပို့ရောင်းချသည့် သီးနှံဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ အောက်လိုင်းရေလမ်းမှ အိတ်စပို့အဖြစ် တင်ပို့ရောင်းချမှုလည်းရှိသည့် အိတ်စပို့လိုင်းသွားသည့် နှမ်းများမှာ အဓိကနယ်တွေဖြစ်သည့် ပဲခူးတိုင်း၊ မကွေးတိုင်းထွက်သည့် နှမ်းများကို တင်ပို့ကြကြောင်း၊ ယခုလက်ရှိ အချိန်တွင် ပဲခူးတိုင်း၊ မကွေးတိုင်းနယ်ဘက်မှ နှမ်းများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်နေသည့်အတွက် မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

နှမ်းညိုဈေးနှုန်းသည်လည်း အမြင့်ဆုံး ရောက်ရှိနေလို့ နှမ်းဆီစက်သမားများဈေး နှုန်းမကိုက်သည့်အတွက် ဆီစက်များ မလည်ပတ်နိုင်ကြောင်း သိရသည်။

June 7, 2018














Copy Protected by Chetan's WP-Copyprotect.