<

တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းတွင် ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်း အပါအ၀င် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းတွင် ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်း ဆောက်လုပ်ရေး အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး အပါအ၀င် လင်ချမ်းဒေသနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းကဏ္ဍများကို လင်ချမ်းအုပ်ချုပ်ရေးဒေသ အတွင်းရေးမှူးနှင့်အဖွဲ့က ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချမ်းအုပ်ချုပ်ရေးဒေသ အတွင်းရေးမှူး Mr. Yang Haodong နှင့် အဖွဲ့ဝင် ကိုးဦးတို့သည် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများအား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းတွင် လင်ချမ်းဒေသနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းကဏ္ဍများနှင့် ဆက်စပ်၍ ဆွေးနွေးခဲ့သည်။

အထူးသဖြင့် အခြေခံ အဆောက်အအုံကဏ္ဍတွင် ကွန်းလုံတံတား ဆောက်လုပ်ရေး၊ ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်းဆောက်လုပ်ရေး အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ ကုန်သွယ်မှု၊ ခရီးသွားနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တရုတ်လင်ချမ်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် မြန်မာချင်းရွှေဟော် အထူးစီးပွားရေးဇုန်တို့အား OBOR စီမံကိန်းတွင် ထည့်သွင်းနိုင်ရေး ဆွေးနွေးခဲ့သည်။

ထို့ပြင် လင်ချမ်း-လာရှိုးနယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစင်္ကြံအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုပ်ငန်းကော်မတီများ နှစ်ဖက်အပြန်အလှန် ဖွဲ့စည်းဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှအစပြု၍ မန္တလေးမြို့သို့ ချဲ့ထွင်ကာ ရန်ကုန်နှင့် ရခိုင်ရှိ အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ထူထောင်ရေးအတွက် လာမည့်နိုဝင်ဘာတွင် MoU နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရန် တရုတ်အစိုးရ ကြိုတင်စီစဉ်နေကြောင်း မြန်မာဘာသာဖြင့် ထုတ်ဝေသည့် တရုတ်အခြေစိုက်သတင်းစာ ပေါက်ဖော်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

June 7, 2018














Copy Protected by Chetan's WP-Copyprotect.