ယခုနှစ် မေလကုန်အထိ စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု ကျပ် ၄ ဒသမ ၄၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ၇ ဒသမ ၅၄ ဘီလျံကျော် လျော့နည်းနေကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ လစဉ်အရောင်းအဝယ်ဖြစ်မှုများအရ သိရသည်။
၂၀၁၈ ခုနှစ်အတွင်း အများပိုင်ကုမ္ပဏီ ငါးခုအထိ ဖြစ်လာသော်လည်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်ကျဆင်းမှုဖြစ်ပေါ်နေကာ ၂၀၁၈ ခုနှစ် ပထမငါးလပတ်တွင်မူ ကျပ် ၄ ဒသမ ၄၇ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်နေသည်။
၂၀၁၆ ခုနှစ် မတ်လတွင် စတင်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုမှာ မတ်လမှမေလအတွင်း ကျပ် ၄၆ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့သည်။ စတင်စဉ်က စာရင်းဝင်ကုမ္ပဏီနှစ်ခုဖြင့် သုံးလအတွင်း ကျပ် ၄၆ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ပထမငါးလတွင် ကျပ် ၁၂ ဘီလျံကျော်နှင့် ၂၀၁၈ ခုနှစ် ပထမငါးလပတ်တွင် ကျပ် ၄ ဒသမ ၄၇ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သဖြင့် စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုမှာ နှစ်စဉ်ဆိုးရွားစွာ ကျဆင်းနေသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် TMH တယ်လီကွန်း ပါဝင်လာပြီး စတော့အိတ်ချိန်းနေ့စဉ် အရောင်းအဝယ်ပြုမှုကို နေ့စဉ်နှစ်ကြိမ်မှ လေးကြိမ်အဖြစ်သို့ မတ်လကုန်တွင် တစ်နေ့လေးကြိမ်သို့ တိုးမြှင့်ခဲ့သည်။ ထိုသို့ တိုးမြှင့်ခဲ့ပြီးနောက် လအလိုက်အရောင်းအဝယ်ဖြစ်မှု သိသာစွာ မြင့်တက်မလာသော်လည်း ပျမ်းမျှအရောင်းအဝယ်ဖြစ်မှု တစ်ရက် ကျပ် ၅၇ သန်းခန့်ရှိပြီး ယခင်ထက် ၄၂ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းမန်နေဂျာ ဦးမင်းသူက ပြောကြားထားသည်။
ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများ ဇွန် ၇ ရက်တွင် အရောင်းအဝယ်ဖြစ်ပေါ်မှု၌ FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၁၅၀၀၊ MTSH ရှယ်ယာတစ်စုကျပ် ၂၉၀၀၊ MCB ရှယ်ယာတစ်စုကျပ် ၈၀၀၀၊ FPB ရှယ်ယာတစ်စုကျပ် ၂၃၀၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၉၅၀ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း သိရသည်။