ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ ရေးထိုး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ ရေးထိုး
Published 7 June 2018

မောင်တောဒေသတွင် နိုင်ငံသားစိစစ်ခံရမည့်သူများ ကိုင်ဆောင်မည့်ကတ် (NVC) ပြုလုပ်ပေးနေသည်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ်

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာကို ဇွန် ၆ ရက်တွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်” အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များအား အထောက်အပံ့ ပြုနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကို ဖိတ်ခေါ်မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်သည့်အတိုင်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးချိန်မှစ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာအစိုးရက ယမန်နှစ်ကပင် စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့် နေရပ်စွန့်ခွာသွားသူများ မိမိ သဘောဆန္ဒအလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းများကို ပိုမို အားဖြည့်မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ ပါဝင်မှုကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ပိုမို၍ လျင်မြန်လာမည်ဟုလည်း မျှော်လင့်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၏ ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ပါအတိုင်း နေရပ်စွန့်ခွာသွားသူများ အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဘက်စုံလွှမ်းခြုံပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့၏ ထောက်ခံမှုကို ယခု နားလည်မှုစာချွန်လွှာတွင် အတည်ပြုထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု လက်မှတ် ရေးထိုးသော နားလည်မှုစာချွန်လွှာအရ နေရပ်စွန့်ခွာသွားသူများ မိမိ သဘောဆန္ဒအလျောက် ပြန်လာရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်နိုင်ရေး ဆန်းစစ်မှုများ ပြုလုပ်ရာတွင် လည်းကောင်း၊ အသိုင်းအဝိုင်း အားလုံးကို အကျိုးဖြစ်ထွန်းစေမည့် အတူယှဉ်တွဲနေထိုင်ရေး ရှေ့ပြေးစီမံကိန်းနှင့် အခြားစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာအစိုးရအား အထောက်အပံ့ ပြုသွားမည်ဖြစ်ပြီး အလားအလာရှိသော ဒေသများတွင် ပြန်လည်ထူထောင် တည်ဆောက်ရေးကို အခြေခံသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် အတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဆန်းစစ်မှုများ ပြုလုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းရန်နှင့် အကူအညီပေးရန်အတွက် လည်းကောင်း၊ လူ့အသိုင်းအဝိုင်း အားလုံးကို အကျိုးဖြစ်ထွန်းစေမည့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် စီမံကိန်းများ ရေးဆွဲရန်အတွက် လည်းကောင်း၊ အသိုင်းအဝိုင်းများကြား လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ရန်အတွက် လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း မြန်မာနိုင်ငံအစိုးရကို အထောက်အပံ့ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဆိုသည်။

မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန္ဒအလျောက် ပြန်လာနိုင်ရေးတွင် အထောက်အပံ့ပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဘောင်ဖြစ်သည့် နားလည်မှုစာချွန်လွှာကို ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နေရပ်စွန့်ခွာသူ ၂၃၀၀၀၀ ခန့်ကို ပြန်လည် စိစစ်လက်ခံခဲ့ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ကုလသမဂ္ဂ ဌာနညှိနှိုင်းရေးမှူး UN Resident Coordinator ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် UNHCR Representative တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent