ပြင်ဦးလွင်မြို့တွင် ဒုတိယဗိုလ်မှူးကြီး တစ်ဦးကို စကေဘာဖြင့် ထိုးခဲ့သည့် သင်တန်း တက်ရောက်ဆဲ တပ်မတော်သား တစ်ဦး အပါအဝင် ခုနစ်ဦးအား ဖမ်းဆီး

ပြင်ဦးလွင်မြို့တွင် ဒုတိယဗိုလ်မှူးကြီး တစ်ဦးကို စကေဘာဖြင့် ထိုးခဲ့သည့် သင်တန်း တက်ရောက်ဆဲ တပ်မတော်သား တစ်ဦး အပါအဝင် ခုနစ်ဦးအား ဖမ်းဆီး
Published 7 June 2018

ပြင်ဦးလွင်မြို့တွင် ဒုတိယဗိုလ်မှူးကြီး တစ်ဦးအား စကေဘာဖြင့် ထိုးခဲ့သည့် သင်တန်း တက်ရောက်ဆဲ တပ်မတော်သား တစ်ဦး အပါအဝင် ခုနစ်ဦးကို ဇွန် ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဧပြီ ၂၅ ရက် ည ၁၀ နာရီက ပြင်ဦးလွင် တပ်မတော်စစ်ဆေးရုံ (၁) မှ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် အနီးစခန်းမှ တရားနာပြီး ကားဖြင့် ပြန်လာစဉ် ရပ်ကွက်ကြီး (၅) အစိုးရဧည့်ဂေဟာလမ်း ဧည့်ဂေဟာ ဂိတ်ပေါက်အနီးအရောက်တွင် အမည်မသိ အမျိုးသား ခုနစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှာ ကား၏ ဘယ်ဘက်တံခါးကို တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိသဖြင့် ဒုဗိုလ်မှူးကြီးက မေးမြန်းရန် အောက်သို့ဆင်းကြည့်ရာ အဆိုပါ အမျိုးသားများအနက် တစ်ဦးက ဒုဗိုလ်မှူးကြီး၏ ဘယ်ဘက်ဝမ်းဗိုက်ကြားသို့ စကေဘာဖြင့် သုံးချက် ထိုးခဲ့ကြောင်း၊ ထိုသို့ ထိုးသဖြင့် ဒုဗိုလ်မှူးကြီးသည် ဆေးရုံသို့ ကားမောင်းပြီး ဆေးကုသမှု ခံယူခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့တို့က ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ရှာဖွေခဲ့ကြောင်း၊ သက်သေ ၆၁ ဦးကို စစ်ဆေးချက်များအရ မသင်္ကာ တရားခံ ငါးဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ ကျူးလွန်သူဟု ယူဆရသူ တစ်ဦးမှာ အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့မှ တပ်သားသစ်အဖြစ် စုဆောင်းထားပြီး အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးတပ် (ရမည်းသင်း) တွင် သင်တန်း တက်ရောက်နေသည့် အောင်ဘုန်းမြတ် (၂၁ နှစ်) ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းအား စစ်ဆေးရာ ပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အခင်းဖြစ်ပွားစဉ်က အောင်ဘုန်းမြတ် အပါအဝင် ရှစ်ဦးသည် အရက်သောက်ပြီး ကန်ပေါင်နှင့် အိမ်တော်အနီးတွင် ဆိုင်ကယ်စီးနေကြကြောင်း၊ ၎င်းတို့ ဆိုင်ကယ်နှင့် ကားတစ်စီး တိုက်မိမလိုဖြစ်ရာမှ စကားများနေကြစဉ် အောင်ဘုန်းမြတ် အပါအဝင် သုံးဦးမှ ဒုဗိုလ်မှူးကြီးအား ချုပ်ပေးခဲ့ပြီး တစ်ဦးက စကေဘာဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ ထိုးနေစဉ် ဆေးတပ်မှ ဒုတိယဗိုလ်မှူးကြီးမှန်း သိသွားသောကြောင့် ၎င်းတို့မှာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြခဲ့သည်။

“ဒုတိယဗိုလ်မှူးကြီးကို စကေဘာနဲ့ ထိုးတဲ့ဖြစ်စဉ်မှ ကျူးလွန်သူ ရှစ်ဦးအနက် ခုနစ်ဦးကို ဖမ်းဆီးရမိထားပါတယ်”ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ယခု ဖမ်းဆီးရမိသောသူ ခုနစ်ဦးစလုံးမှာ အသက် ၁၅ နှစ်၊ ၁၇ နှစ်၊၂၁ နှစ်အရွယ် လူငယ်များဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent