အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာကြောင်း ကျော်စောသတင်းရှိပါက တိုင်ကြားသူမရှိသော်လည်း ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်ရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု

အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာကြောင်း ကျော်စောသတင်းရှိပါက တိုင်ကြားသူမရှိသော်လည်း ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်ရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော် အတည်ပြု
Published 7 June 2018

အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာကြောင်း ကျော်စောသတင်းရှိပါက တိုင်ကြားသူမရှိသော်လည်း ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်ရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များဖြင့် ဇွန် ၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သော အချက် ၂၄ ချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အချက် ၁၉ ချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးရန် အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အတည်ပြုချက်များတွင် မူလဥပဒေ ပြဋ္ဌာန်းချက်ပါ ပုဒ်မ ၅၅ ၏ ‘နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို’ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဆိုသော ပြဋ္ဌာန်းချက်ကို ‘နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို’ ဟု အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထားသည့်အတိုင်း အတည်ပြုရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထားကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ဆက်လက်ပြီး အဂတိလိုက်စားမှုကို အဓိပ္ပာယ် ဖွင့်ဆိုထားသည့် မူလဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၃ (က) ကို (၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေအညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက် အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း၊ သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊ (၂) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာ ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းဟု အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထားသည်။

ထိုသို့ပြင်ဆင်ချက်နှင့် ပတ်သက်၍ အချက် (၁) ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်အတိုင်း အတည်ပြုရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော်လည်း အချက် (၂) ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန် တင်ပြချက်အတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး မေ ၃ ရက်တွင် အမျိုးသားလွှတ်တော်၌ စတင်တင်သွင်း၍ မေ ၂၃ ရက်တွင် ပြင်ဆင်ချက်များဖြင့် အမျိုးသားလွှတ်တော်တွင် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပေးပို့လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် ဥပဒေကြမ်းအား အတည်ပြုခဲ့သဖြင့် ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်က ထပ်မံပြင်ဆင်လိုက်သည့် အချက်များအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် ပြန်လည်ပေးပို့မည်ဖြစ်သည်။

Most Read

Most Recent