UEHRD ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အာဇာနည်ခေါင်းဆောင် ဦးဘဝင်း၏သမက် ဦးတိုးအောင်အား ခန့်အပ်

UEHRD ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အာဇာနည်ခေါင်းဆောင် ဦးဘဝင်း၏သမက် ဦးတိုးအောင်အား ခန့်အပ်
Published 7 June 2018

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဦးတိုးအောင်အား ခန့်အပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဇွန် ၆ ရက်တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

UEHRD ၏ လုပ်ငန်းတာဝန်များအား ကူညီပံ့ပေးနိုင်ရေးအတွက် ဦးတိုးအောင်အား ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဇွန် ၅ ရက် နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဦးတိုးအောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သမက်တော်စပ်သူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးတိုးအောင်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်အတွက် လုပ်အားပေးတာပါပဲ။ အစမို့ လေ့လာဆဲပါ” ဟု ဦးတိုးအောင်က တာဝန်ပေးအပ်ခံရမှုနှင့် ပတ်သက်၍ The Daily Eleven သတင်းစာကို ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

UEHRD ဥက္ကဋ္ဌမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

UEHRD ၏ လုပ်ငန်းတာဝန်များမှာ (က) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး ဆောင်ရွက်ရန်၊ (ခ) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ အတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊ (ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်ရန်နှင့် (ဃ) ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ပံ့ပိုးမှုအပြင် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ကူညီထောက်ပံ့ငွေများဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ကော်မတီ၏ ဘဏ္ဍာရေးကိစ္စကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုအပြင် နိုင်ငံတကာ စာရင်းစစ် ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်း၍ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent